NLD အမတ် ဇနီးနဲ့ သမီးအပါအဝင် ၁၈ယောက် လွတ်မြောက်

2022.05.06
NLD အမတ် ဇနီးနဲ့ သမီးအပါအဝင် ၁၈ယောက် လွတ်မြောက် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး၏ ဇနီးဖြစ်သူနှင့် ၁ဝ လအရွယ် သမီးငယ်။
Photo : Citizen Journalist

ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့လယ်က အဖမ်းခံခဲ့ရတဲ့ NLD တိုင်းအမတ် ဦးသက်ပိုင်စိုးရဲ့ ဇနီးနဲ့ ၁ဝလအရွယ် သမီးလေးအပါအဝင် ၁၈ယောက်ကို မေလ ၂ရက်နေ့က ဟိုင်းကြီးရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဖမ်းဆီးခံထားရစဉ်မှာ ဦးလေးဖြစ်သူက ရိုက်နှက်ခံခဲ့ရတယ်လို့ ဦးသက်ပိုင်စိုးက ပြောပါတယ်။

“ကျွန်တော့်ဇနီးနဲ့ကလေးနဲ့၊ ညီမဝမ်းကွဲလေးကို ရိုက်တာ နှက်တာ မရှိဘူး၊ ကျွန်တော့်ဦးလေးကိုတော့ ရိုက်နှက်တာရှိတယ်။ အဖမ်းခံရပြီး ၉ရက်မြောက်နေ့မှာ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တာ။ ကျွန်တော့်ဇနီးကိုတော့ ကျွန်တော် နိုင်ငံရေးမလုပ်တော့ဘူးဆိုတဲ့ လက်မှတ်ထိုးဖို့ စည်းရုံးတာရှိတယ်။ ကျွန်တော်က အဲဒါလက်မှတ်ထိုးဖို့ အစီအစဉ်မရှိဘူး။ ကျွန်တော် နိုင်ငံရေးထဲမှာ ရှိနေသရွေ့တော့ မိသားစုအတွက် လုံခြုံမှုမပေးနိုင်သလို တာဝန်လည်း မယူနိုင်တဲ့အတွက် တရားဝင်ကွာရှင်းလိုက်ပါပြီ။ ကိုယ့်ကြောင့်လည်း မိသားစုကို ထပ်ပြီး ဒုက္ခမရောက်စေချင်တော့ဘူး။”

ပြန်လွတ်လာသူ ၁၈ ယောက်ဟာ ငပုတောမြို့နယ် ငါးပြေမကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သံသယနဲ့ အဖမ်းခံထားရသူတွေဖြစ်ပါတယ်။

ငပုတောမြို့နယ်၊ ငါးပြေမကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဧပြီလ ၁၉ ရက်နေ့က ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီကိစ္စကြောင့် ဦးသက်ပိုင်စိုးရဲ့ ဦးလေးဖြစ်သူကို သံသယနဲ့ ဖမ်းဆီးရာမှာ ဦးသက်ပိုင်စိုးရဲ့ ဇနီးနဲ့ ၁ဝလအရွယ် သမီးလေးအပြင် အသက် ၁၃ နှစ်အရွယ် ညီမဝမ်းကွဲဖြစ်သူတို့ အဖမ်းခံခဲ့ရတာပါ။

စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးဖို့ကြိုးစားတဲ့အခါ မမိရင် ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးမှုတွေ မကြာခဏရှိနေပါတယ်။

စစ်ကောင်စီရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးမှုတွေဟာ ဥပဒေနဲ့မညီသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။