လေးလကျော်အတွင်း အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ၁၃ ဦး ထက်မနည်းရှိလာ

2021.06.21
လေးလကျော်အတွင်း အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ၁၃ ဦး ထက်မနည်းရှိလာ ရန်ကုန်မြို့ တာမွေ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ၂၀၂၁ ဇွန်လ ၈ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံရစဉ်
Photo CJ
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကနေ ဇွန်လ ၂၀ ရက်နေ့ အထိ လေးလကျော်ကာလအတွင်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ၁၃ ယောက်ထက်မနည်း အသတ်ခံခဲ့ရပါတယ်။
 
အခုနောက်ဆုံး အသတ်ခံရသူကတော့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ ဥက္ကဋ္ဌ ဦးသိန်းထွန်းဌေး ဖြစ်ပြီး၊ သူဟာ ဇွန်လ ၁၈ ရက်နေ့ညက ပစ်သတ်ခံခဲ့ရပြီး အဲဒီနေ့ညမှာပဲ မိတ္ထီလာဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။
 
ဦးသိန်းထွန်းဌေးနဲ့ ဇနီးဖြစ်သူတို့ဟာ ဇွန်လ ၁၈ ရက် ည (၇) နာရီဝန်းကျင်လောက်က သူတို့ဖွင့်ထားတဲ့ ဈေးဆိုင်ပိတ်ပြီး အိမ်ကိုအပြန်လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်၊ မိတ္ထီလာဆေးရုံကို ချက်ချင်း ပို့ဆောင်စဥ် ည(၉)နာရီဝန်းကျင်လောက်မှာ သေဆုံးခဲ့တာလို့ ရုံစည်းကြီးကျေးရွာ ဒေသခံတွေက ပြော ပါတယ်။
 
ဦးသိန်းထွန်းဌေး ရဲ့ စျာပနကို ဇွန်လ ၂၀ ရက် မနေ့က ကျေးရွာသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဦးသိန်းထွန်းဌေးဟာ သူအာဏာရှိချိန်မှာ ရုံးစည်ကြီးကျေးရွာက နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဖို့ စစ်တပ်ကို မကြာခဏ သတင်းပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
 
“သူဥက္ကဋ္ဌဖြစ်တဲ့အချိန်ကစပြီး စစ်သားတွေ ရွာကိုတပ်လာစွဲဖို့ ခဏခဏခေါ်တယ်။ အဲလိုတွေလုပ်တော့ ရွာကသူတွေ ထွက်ပြေးကြရတယ်။ သူလက်ညိုးထိုးပြတဲ့သူတွေဆို စစ်ကောင်စီက ဖမ်းပြီး စစ်တာတွေ လုပ်တယ်။ မဆိုင်တာတွေလည်း ဖမ်းစစ်ခံရတာတွေရှိတယ်။ ဒီနေ့ဆို ရွာဥက္ကဋ္ဌ နောက်တစ်ယောက် ထပ်ခန့်ဖို့ ပြင်နေပြီလို့ ကြားနေရတယ်။”
 
ရုံးစည်းကြီးကျေးရွာဟာ တောင်သာမြို့နဲ့ ၁၂ မိုင်ခန့်ကွာဝေးပြီး ရွာမှာအိမ်ခြေ ၂၀၀၀၀ ဝန်းကျင်ရှိကာ ရဲစခန်း၊ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။
 
စစ်တပ်သတင်းပေးဆိုပြီး ဇွန်လ ၁၃ ရက်နေ့က ပစ်ခတ်ခံရလို့ နေပြည်တော်စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ တောင်သာမြို့ ယွန်းယွန်းလျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မနှင်းနှင်း လည်း အခုလ ၁၅ ရက်နေ့က သေဆုံးသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
 
စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန်လလယ်ထိ လေးလကျော်ကာလအတွင်း အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စုစုပေါင်း လူ ၁၇၃ ယောက် အသတ်ခံခဲ့ရ ကြောင်း ဇွန်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။