စစ်ကိုင်းနဲ့မြင်းမူမြို့နယ်အစပ်မှာ အရပ်သား ၁၅ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်မှာ ဒေသခံ ၁၅ ဦး သတ်ဖြတ်ခံရပြီး နောက်တစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်မှာ အသတ်ခံရတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ပြန်တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်မှာ ဒေသခံ ၁၅ ဦး သတ်ဖြတ်ခံရပြီး နောက်တစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မတ်လ ၁ ရက် မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာကို အင်အားတစ်ရာနီးပါးပါတဲ့ စစ်ကောင်စီတပ်က မြင်းမူမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ မတ်လ ၂ ရက် ဒီကနေ့မနက်ပိုင်းမှာ မြင်းမူမြို့နယ်ဘက်ခြမ်းက ညောင်ရင်းရွာအနီးမှာ အလောင်း ၁၄ လောင်း တွေ့ခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းမူဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကိုင်းမြို့နယ် တာတိုင်နဲ့ မြင်းမူမြို့နယ် ညောင်ရင်းရွာက မူးမြစ်ဝပဲ ခြားတာဗျ။ တာတိုင်ရွာက ဒေသခံတွေကလည်း သူတို့ဆီ စစ်ကြောင်းမလာနိုင်ဘူးထင်လို့ မရှောင်နိုင်ကြတာ။ ဒီကနေ့မနက်ပိုင်းကျတော့ မြင်းမူဘက်အခြမ်း ညောင်ရင်းရွာရဲ့ ကျွန်းပေါ်မှာ အမျိုးသားရုပ်အလောင်းငါးလောင်းက တစ်စု၊ နောက်တစ်နေရာမှာ အမျိုးသားရုပ်အလောင်းခြောက်လောင်းနဲ့ အမျိုးသမီးရုပ်အလောင်း သုံးလောင်းကတစ်စု တွေ့ရတယ်ဗျ။ အနောက်ကနေ သေနတ်နဲ့ပစ်သွားတဲ့ပုံစံတွေ့ပါတယ်”

အသတ်ခံရသူ ၁၄ ဦးဟာ အသက် ၃၀ ကျော်ကနေ ၅၀ ကျော်အရွယ်တွေဖြစ်ပြီး ကျန်တစ်ဦးကိုတော့ သေသလား၊ ရှင်သလား မသိရသေးဘဲ ဆက်လက်ရှာဖွေနေဆဲလို့ သူကပြောပါတယ်။

အလားတူပဲ မြင်းမူမြို့နယ် ညောင်ရင်းရွာသားတစ်ဦး ဒီနေ့ ဆိုင်ကယ်စီးလာချိန် စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တွေ့တာကြောင့် ပစ်သတ်ခံ လိုက်ရတယ်လို့ နောက်ထပ် မြင်းမူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညောင်ရင်းကို စစ်ကြောင်းဝင်နေတာ။ သူကမသိဘဲ ဆိုင်ကယ်စီးလာတာ။ အဲဒါကို စစ်ကောင်စီတပ်တွေက ရပ်ခိုင်းတာ၊ ရပ်မပေးလို့ ပစ်သတ်သွားတယ်”

မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်တွေ တာတိုင်ရွာတွင်းကို ဝင်ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကိုကျော်ဇောကို ဖမ်းမိသွားပြီးနောက် ခန္ဓာကိုယ်ကို ဖြတ်တောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဒီဖြစ်စဉ်ကို မသိရှိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေသူတွေတဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာတော့ စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းနဲ့ PDF အဖွဲ့တို့ မတ်လ ၁ ရက်နေ့က တာတိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၂ ရက် ဒီနေ့မှာလည်း နယ်မြေချင်းကပ်လျက်က မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာအနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး PDF ၁၅ ဦး ဖမ်းမိခဲ့ကြောင်း ရေးသားဖော်ပြနေကြပါတယ်။

ဒေသခံတွေကတော့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ အရပ်ဝတ် အင်္ကျီနဲ့ပုဆိုး ဝတ်ဆင် ထားတာတွေ့ရသလို တချို့ရုပ်အလောင်းတွေမှာ ဦးခေါင်းကို ပစ်ခတ်ခံထားရတာ တွေ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံလာတဲ့ ရုပ်သံမှတ်တမ်းနဲ့ ဓာတ်ပုံတွေအရ သေဆုံးသူတွေဟာ အရပ်ဝတ် အင်္ကျီနဲ့ပုဆိုး ဝတ်ဆင် ထားတာတွေ့ရသလို တချို့ရုပ်အလောင်းတွေမှာ ဦးခေါင်းကို ပစ်ခတ်ခံထားရတာ တွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၃,၀၇၃ ဦး ရှိနေပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org