စစ်ကိုင်းမှာ စက်သုံးဆီ ပီပါထောင်ချီ စစ်ကောင်စီ ဖမ်းဆီး
2025.01.12

မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ကုန်သွယ်နေတဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်တချို့ကို တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဇန်နဝါရီ ၁၃ ရက် ဒီနေ့ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့က စစ်ကိုင်းမြို့၊ ညောင်ပင်ဇင်ရွာမှာ ကျပ်သိန်း ခြောက်ထောင်နီးပါး တန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၆၀၂ ပီပါနဲ့ ဓာတ်ဆီ ၆၀၉ ပီပါ စုစုပေါင်း ၁၂၁၁ ပီပါကို စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း မြစ်ငယ်စစ်ဆေးရေး ဂိတ်မှာလည်း ကျပ် ၂၃၇ သိန်း တန်ဖိုးရှိတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် အဲဒီကုန်ပစ္စည်းကို တင်ဆောင်လာတဲ့ တွဲကား နှစ်စီးကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း တံခွန်တိုင်အဝိုင်းအနီးမှာတော့ ကျပ် ၂၃၉ သိန်း တန်ဖိုးရှိတဲ့ လူသုံးကုန်ပစ္စည်းတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အခုဖမ်ဆီးမှုတွေနဲ့ပတ်သက်လို့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ၊ အကောက်အခွန် လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဒီလိုဖမ်းဆီးမှုတွေက စစ်ကိုင်းနဲ့ မန္တလေးတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေထံ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ မရောက်အောင် ဖြတ်တောက်တာဖြစ်ပေမဲ့ ဒေသခံတွေက အကျပ်အတည်း ပိုကြုံနေရတယ်လို့ စစ်ကိုင်းတိုင်း မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
“စက်သုံးဆီတွေ ပိတ်တော့ တော်တော်ထိတယ်။ သွားရေး လာရေးက အစပေါ့။ အရင်က ဆိုင်ကယ်တစ်ယောက် တစ်စီးနဲ့ သွားတဲ့နေရာမှာ အခုဆို ဆီဈေးကြီးလို့ သုံးယောက်ကို တစ်စီးလောက်နဲ့ သွားလာနေရတယ်”
မုံရွာမြို့နဲ့ အနီးတစ်ဝိုက်မှာ စက်သုံးဆီ တစ်လီတာကို ခြောက်ထောင်ကျပ် ပေါက်ဈေးရှိပြီး မြို့နဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ ကျပ်ရှစ်ထောင်ကနေ ကိုးထောင်ခန့်အထိ ပေးဝယ်နေရတယ်လို့ သူက ပြောပါတယ်။
စက်သုံးဆီအပြင် လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းတွေနဲ့ နေ့စဥ်နဲ့အမျှ ဈေးတက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေထံ စက်သုံးဆီတင်ပို့မှု ဖြတ်တောက်ထားတယ်လို့ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့ကနေ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေထံ စက်သုံးဆီ တင်ပို့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၁၇ ဦးကို ဖမ်းဆီးခဲ့သလို စက်သုံးဆီ ဂါလံခြောက်သောင်းကျော်နဲ့ မော်တော်ယာဥ် ၂၂ စီးကို သိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။