စစ်ကောင်စီဝင်ငွေရစေတဲ့ လုပ်ငန်းတွေကို အရေးယူဖို့ အဖွဲ့ ၂၄ဝ တိုက်တွန်း

၂ဝ၂၃ ခုနှစ်မှာ ထိုင်းကုမ္ပဏီတွေဟာ ထိုင်းဘဏ်တွေကို အသုံးပြုပြီး စစ်ကောင်စီကို လေယာဉ်ဆီ အမေရိကန် ဒေါ်လာ သန်း ၈ဝ ဖိုးရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြုလုပ်သည့် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်(MEB)နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ဟန်ချက်ညီညီ အရေးယူပိတ်ဆို့ဖို့ မြန်မာနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၂၄ဝ က ဇူလိုင်လ ၁၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ် ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ဖို့၊ လက်နက်နဲ့ လေယာဉ်လောင်စာဆီ ဝယ်ယူဖို့နဲ့ နိုင်ငံတကာဘဏ္ဍာရေးဈေးကွက်ကို ဝင်နိုင်ဖို့ ဒီလုပ်ငန်းတွေကို စစ်အာဏာသိမ်းချိန်ကစပြီး အသုံးချနေတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေကြားမှာပဲ စစ်ကောင်စီဟာ ယိုပေါက်တွေကို အသုံးပြုပြီး လမ်းဖွင့်ပေးထားတဲ့ နိုင်ငံတွေမှာ စစ်ဘက်ဆိုင်ရာတွေကို ပြောင်းရွှေ့ဝယ်ယူနေတယ်လို့လည်း ဆိုပါတယ်။

၂ဝ၂၃ ခုနှစ်မှာ ထိုင်းကုမ္ပဏီတွေဟာ ထိုင်းဘဏ်တွေကို အသုံးပြုပြီး စစ်ကောင်စီကို လေယာဉ်လောင်စာဆီ အမေရိကန် ဒေါ်လာ သန်း ၈ဝ ဖိုးရောင်းချခဲ့တဲ့အတွက် အရပ်သားတွေကို စစ်ကောင်စီက ပိုမိုတိုက်ခိုက်နိုင်တယ်လို့လည်း ထောက်ပြပါတယ်။

ထိုင်းအစိုးရပိုင် PTT Group စွမ်းအင်လုပ်ငန်းဟာလည်း သဘာဝဓာတ်ငွေ့က ရရှိတဲ့ငွေတွေကို ထိုင်းဘဏ်တွေကနေ မြန်မာ့စီးပွားရေးဘဏ်ကို လွှဲပြီး အဲဒီကတစ်ဆင့် MOGE ကို ရောက်ရှိစေတယ်လို့ ပြောပါတယ်။ MOGE ဟာ စစ်ကောင်စီအတွက် ဝင်ငွေအများဆုံးရနေသေးတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ ငွေကြေးလွှဲပြောင်းမှုအားလုံးကို ရပ်တန့်ဖို့ ထိုင်းဘဏ်တွေကို တောင်းဆိုကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီကို အရေးယူပိတ်ဆို့ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့လည်း PTT Groupနဲ့ ဘဏ်တွေက စစ်ကောင်စီကို ထောက်ခံနေတာကို ခွင့်ပြုထားတဲ့ ထိုင်းနိုင်ငံရဲ့မူဝါဒကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org