ထိုင်းငါးဖမ်းသမားတွေ အပါအဝင် နိုင်ငံခြားသား ခုနစ်ဦးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

RFA Burmese
2025.03.28
ထိုင်းငါးဖမ်းသမားတွေ အပါအဝင် နိုင်ငံခြားသား ခုနစ်ဦးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး မြန်မာရေတပ်ကဖမ်းဆီးထားတဲ့ ငါးဖမ်းလုပ်သားများကို တွေ့ရစဉ်။
Facebook/I Love Navy

မြန်မာနိုင်ငံ ကော့သောင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားလေးဦး နဲ့ ဘားအံအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသားသုံးဦးကို စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့မှာ လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်ပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁ (၁) အရ နောင်မှာ ဘယ်ပြစ်မှုမဆိုထပ်ပြီးကျူးလွန်ရင် မူလပြစ်ဒဏ်တွေနဲ့အတူ ထပ်လောင်းပြစ်ဒဏ်တွေပါကျခံရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

6JULoGvcpHFh4uOXcjdI.png

ဧပြီလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့ (၆) ကြိမ်မြောက်ထိပ်သီးအစည်းအဝေး မတိုင်ခင် ထိုင်းငါးဖမ်းသမားတွေကို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှာဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာကတော့ ထိုင်းငါးဖမ်သမားလေးဦးလုံးကို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အတွက် ဝမ်းသာကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ ထိုင်း-မြန်မာခိုင်မာတဲ့ဆက်ဆံရေး နဲ့ နှစ်နိုင်ငံအာဏာပိုင်တွေကြား ဆွေးနွေးမှုတွေရဲ့ ရလာဒ်ဖြစ်ကြောင်း၊ ဒီ ဆုံးဖြတ်ချက်အတွက် မြန်မာစစ်ကောင်စီကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ ရေးသားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ၃၀ ရက်နေ့က ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းစက်လှေ တစ်စင်းနဲ့အတူ ထိုင်းနိုင်ငံသားလေးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ကို မြန်မာရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် ငါးဖမ်းမှုတွေနဲ့ ထောင်ဒဏ်လေးနှစ်ကနေ ခြောက်နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။