မင်းကင်းမြို့မှာ သုံးရက်အတွင်း ရွာသုံးရွာက အိမ် ၂၇၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း သံပေါက်၊ ဇင်ကလဲနဲ့ လောင်းပြည့် စတဲ့ ရွာသုံးရွာ မှာ သုံးရက်အတွင်း အိမ်ပေါင်း ၂၇၀ ကျော် မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံပေါက်ရွာကို ဧပြီလ ၂၅ ရက်မှာ စစ်ကောင်စီတပ် ခလရ ၈၇ က အင်အား ၁၅၀ ကျော် ရှိတဲ့ တပ်နဲ့ ပျူစောထီးတို့ဟာ PDF တွေ နေထိုင်တယ်ဆိုပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"သံပေါက်ရွာကို မီးရှို့တဲ့အခါ သူတို့က ဆီလောင်းပြီး မီးရှို့တာ။ အဲဒါကို လတ်တလော ငြှိမ်းဖို့ မဖြစ်နိုင်ဘူး။ အဲဒီမှာ PDF တွေနဲ့ ထိတွေ့မှုဖြစ်တယ်။ ပိတ်မိနေတဲ့ ရွာခံတွေကို PDF တွေက လက်နက်ကြီးပစ်ကူသုံးပြီး ကယ်ထုတ်နိုင်ခဲ့တယ်။ မနေ့က ဖြစ်စဉ်မှာ PDF က မိုင်းဆွဲလိုက်တယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်။ သံပေါက်ရွာကနေ ဆုတ်သွားပြီး လောင်းပြည့်နဲ့ ဇင်ကလဲရွာဘက်ကို ဆုတ်တယ်။ မီးရှို့တယ်။ မီးရှို့တဲ့အခါ တော်တော် ပါသွားတယ်"
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ သံပေါက်ရွာဟာ စစ်ကောင်စီတပ်တွေ ဝင်မလာခင်ကတည်းက ဒေသခံတချို့ဟာ တိမ်းရှောင်နေကြရပြီး အဲဒီရွာမှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတချို့သာ ကျန်ရှိတယ်လို့ သူက ပြောပြပါတယ်။
ဇင်ကလဲရွာဟာလည်း သံပေါက်ရွာလို အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး လောင်းပြည့်ရွာနဲ့အတူ အိမ်တွေမီးရှို့မခံရခင်ကတည်းက ဒေသခံတွေဟာ တိမ်းရှောင် နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီရွာတွေထဲမှာ စစ်ကောင်စီတပ်က မိုင်းတွေထောင်ခဲ့လို့ ရွာသားတွေလည်း နေရပ် မပြန်နိုင်သေးသလို စစ်ဘေးဒုက္ခသည်တွေအတွက် PDF တပ်ဖွဲ့တွေက စားနပ်ရိက္ခာတွေ ကူညီပေးနေရတယ်လို့လည်း ပြောပါတယ်။
အဲဒီဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ် ခလရ ၈၇ က အင်အား ၁၅၀ ကျော်ပါတဲ့တပ်နဲ့ Myanmar Defense Force - MDF၊ စစ်ကိုင်း PDF၊ မင်းကင်း PDF တို့အပါအဝင် မဟာမိတ် PDF အဖွဲ့တွေနဲ့ ဧပြီလ ၂၅ ရက်ကစလို့ ဒီနေ့ ၂၇ ရက်အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
အဲဒီဒေသဖြစ်စဉ်အသေးစိတ်ကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။