ကလေးမြို့ခံ သုံးဦး PDF သံသယနဲ့ အဖမ်းခံရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ PDF နဲ့ စပ်ဆက်တယ်လို့ စွပ်စွဲချက်နဲ့ အောင်မြေမာန်နဲ့ အောင်သစ္စာ ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့သူ သုံးဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။
အောင်မြေမာန်ရပ်ကွက်က ဦးမောင်ဟာ မတ်လ ၅ ရက် ဒီနေ့ မနက် ခြောက်နာရီက အဖမ်းခံရပြီး မတ်လ ၄ ရက် မနေ့ကလည်း အောင်သစ္စာရပ်ကွက်က ဦးစန်းအောင်၊ ဒေါ်သီတာ ဇနီးမောင်နှံနှစ်ဦးလည်း အဖမ်းခံရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဦးမောင်က ဒီနေ့မနက် လာဖမ်းတာ၊ ကိုစန်းအောင်နဲ့ မသီတာတို့ကတော့ သူတို့သား ဇော်လှိုင်မျိုးကို မတွေ့လို့ သူ့တို့ဇနီးမောင်နှံ နှစ်ယောက်လုံး ဖမ်းသွားတာ မနေ့က ညနေက"
သူတို့သုံးဦးစလုံးဟာ နေအိမ်မှာ ရှိနေကြတဲ့အချိန် ခုလို အဖမ်းခံလိုက်ရတာ ဖြစ်ပြီးတော့ PDF တွေနဲ့ စပ်ဆက်တယ်ဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက်ကြောင့် အဖမ်းခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
သူတို့သုံးဦးကို ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစကို ဖမ်းဆီးခေါ်ဆောင် သွားတာလို့ ပြောကြသလို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။
သူတို့သုံးဦးရဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။
ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ စုစုပေါင်း လေးရာကျော်ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။