တိုက်ပွဲတွေကြောင့် နှစ်လအတွင်း အရပ်သား ၇၅ ဦး သေဆုံးခဲ့ရ
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နဲ့ ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း အရပ်သားပြည်သူ ၇၅ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က မတ်လ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလအတွင်းမှာ ၄၉ ဦး နဲ့ ဖေဖော်ဝါရီလအတွင်းမှာ ၂၆ ဦးရှိခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ အရပ်သားသေဆုံးမှု စုစုပေါင်းဟာ ၂၂၁ ဦးရှိခဲ့ပြီး မတရား ဖမ်းဆီးခံရသူ ၂၂၀ ဦး ရှိတယ်လို့လည်း ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကနေ ဖေဖော်ဝါရီ လကုန်အထိ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီ တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၆၉ ကြိမ်အထိရှိခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၁၀ လုံးနဲ့ လူနေအိမ် ၆၄၉ လုံး ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး စစ်ကောင်စီ တပ်တွေဟာ မိုးဗြဲမြို့နဲ့ နန်းမယ်ခုံမြို့ကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြရာမှာ စစ်ကောင်စီ ဘက်က ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုတွေ ထိခိုက် သေဆုံးခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးခဲ့ရပါတယ်။
ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးတာ တစ်ယောက်မှမရှိဘဲ လွိုင်ကော်မြို့ပေါ်အထိ အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာလို့ တိုက်ထုတ်ခဲ့ရကြောင်း၊ PDF တွေက အရပ်ဝတ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုအောင်းနေတာတွေရှိလို့ လုံခြုံရေးအရ ဆောင်ရွက်ရတာ တွေရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
ကယားပြည်နယ်ထဲ ပြီးခဲ့တဲ့နှစ် မေလ ၂၂ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အတွင်း စစ်ရေးဆိုင်ရာ ထိတွေ့မှုတွေကြောင့် စစ်ဘေးဒုက္ခသည် ၁၇၀,၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) က မနေ့က ထုတ်ပြန်ထားပါတယ်။