၈၈ ကျောင်းသားတွေနဲ့ အာဆီယံအမတ်တွေ ဆွေးနွေး

စင်ပြိုင် အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့ ရန်ကုန်မြို့မှာ သွားရောက်တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ဒေသတွင်း အခြေအနေတွေ ဆွေးနွေးပြောဆိုကြတယ်လို့ သတင်းရရှိပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က ရန်ကုန်မြို့တွင် စင်ပြိုင် အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးနေစဉ်။ RFA

မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်လာတာနဲ့အတူ ဒေသတွင်း နိုင်ငံတွေက လွှတ်တော်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ လိုသလို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးမှာလည်း AIPMC အခန်းကဏ္ဍက အရေးပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။

"အခုမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး စနေပြီဖြစ်တဲ့ အချိန်မှာ AIPMC ရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ဖို့၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝင်ရောက်နိုင်ဖို့ အတွက် AIPMC ရဲ့ သြဇာဟာ အရေးကြီးပါတယ်။ ပြီးတော့ အခုဆက်သွားမဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာလည်း AIPMC ဟာ လက်ရှိ မြန်မာနိုင်ငံမှာ အာဏာယူထားတဲ့ ပါတီကပဲဖြစ်ဖြစ်၊ အတိုက်အခံ ပါတီကပဲဖြစ်ဖြစ် ကိုယ်စားလှယ်တွေ ပါဝင်ပြီး တော့ ဆောင်ရွက်မယ် ဆိုလို့ရှိရင်တော့ ပိုပြီးတော့ အားကောင်းတဲ့ နားလည်မှုတွေ ရလာနိုင်တယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်"

ဒ့ါအပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက် AIPMC နဲ့ ဆက်ဆံရေး လိုအပ်တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

"ပြီးတော့ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံ Chairmanship ကို ယူမှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေရဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ AIMPC နဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်"

AIPMC အဖွဲ့ ကိုယ်စားလှယ်တွေအဖြစ် လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ အပါအဝင် ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ခရိုင်ဆတ်လည်း ပါဝင်တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကိစ္စတွေလည်း ပြောဆိုကြသလို ၈၈ မျိုးဆက် ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံကူး လက်မှတ်ရလို့ အခွင့်အလမ်း ပေါ်လာရင် အာဆီယံ ဒေသတွင်းနိုင်ငံတွေကို လေ့လာရေးခရီး ထွက်ဖို့ကိုလည်း AIPMC က ဖိတ်ခေါ်သွားတယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ ၈၈ အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို သွားရောက် ရှင်းပြတာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ လွတ်လာပြီးတဲ့ အချိန်က စပြီးတော့ပေါ့လေ၊ ကျွန်တော်တို့ လုပ်ခဲ့ကိုင်ခဲ့တာတွေ၊ ကျွန်တော်တို့ အတွေ့အကြုံတွေ၊ နောက်ဆုံး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရ ရွှေမန်းနဲ့ တွေ့ပြီးတဲ့ အခြေအနေအထိပေါ့လေ၊ အဲဒီအချက်အလက် တွေကို ဒါ အန်တီ့အနေနဲ့လည်း တချို့ထည့်သွင်းစဉ်းစားလို့ ရအောင်ပေါ့လေ၊ အဲတာ ကျွန်တော်တို့ ပြောပြပါတယ်"

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ လက်ရှိ နိုင်ငံ့အပြောင်းအလဲမှာ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေသလို အလုပ်သမား၊ လယ်သမား အရေးတွေမှာလည်း ပါဝင်ကူညီနေတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org