ကြေးနီစီမံကိန်း ရပ်တန့်ရေး လှုပ်ရှားသူများ ပြန်လည်လွှတ်မြောက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေလု အပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို အာမခံတွေနဲ့ ဒီကနေ့ ညနေ ၅ နာရီမှာ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

2012.09.14
letpadaung-protest-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။
RFA

အခုလို လွှတ်ပေးလိုက်တာဟာ နောက်နောင် စစ်ကိုင်းတိုင်း ဒေသကြီးကို လုံး၀ ပြန်မဝင်ရဘူးဆိုတဲ့ ခံဝန်ကတိနဲ့ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင် ကိုဝေလုက RFA ကို အခုလို ပြောပြပါတယ်။

" ၅ နာရီကျော်ကျော်လောက်မှာ ကျွန်တော့်ကို ပြန်ပြီးလွှတ်တယ် ဆိုတဲ့နေရာမှာ ခြွင်းချက်ထားပြီးစစ်ကိုင်းတိုင်း ဒေသကြီးကို နောက်နောင် လုံး၀ ပြန်မဝင်တော့ပါဘူးဆိုတဲ့ ကတိ ခံဝန်ချက် ထိုးခိုင်းပြီးတော့ ကျွန်တော့်ကို ပြန်လွှတ်တာပါ။ နှိပ်စက်မှုတော့ မရှိဘူးဗျ။ မိသားစုနဲ့ လုံးဝ အဆက်အသွယ် မပေးတာ။ ပြင်ပက လူတွေနဲ့ ထိစပ်ခွင့် မပေးတာ။ နောက်ဆုံးဗျာ အချုပ်ထဲမှာ ကျွန်တော်တို့နဲ့ အတူရှိနေတဲ့ ကျန်တဲ့ အချုပ်သားတွေကိုပါ ဧည့်တွေ့ခွင့် ပိတ်ပစ်တာမျိုးပေါ့"

ကိုဝေလု လွှတ်မြောက်ရေးအတွက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အာမခံပေးခဲ့တာဖြစ်ပြီး မသွဲ့သွဲ့ဝင်း အပါအဝင် အမျိုးသမီး (၃) ဦး လွှတ်မြောက်ရေး အတွက်ကိုတော့ ကျန်တဲ့ (၈၈)မျိုးဆက် ကျောင်းသားများ အဖွဲ့က အာမခံချက် ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုဝေလုကို ချောင်းဦးရဲစခန်းက လွှတ်ပေးခဲ့တာဖြစ်ပြီး မသွဲ့သွဲ့ဝင်း အပါအဝင် အမျိုးသမီး (၃) ဦးကိုတော့ မုံရွာအကျဉ်းထောင်ကနေ ပြန်လည် လွှတ်ပေးခဲ့တာလို့ သိရပါတယ်။ အခုလို ပြန်လည် လွှတ်မြောက်လာတဲ့ သူတွေကို မုံရွာဒေသခံ လူဦးရေ ၃၀၀၀ နီးပါးလောက် လာရောက် ကြိုဆိုခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ ကြေးနီးစီမံကိန်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မသွဲ့သွဲ့ဝင်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီတို့ကို အာအက်ဖ်အေ ဝိုင်းတော်သူ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကြေးနီတောင် စီမံကိန်းကြောင့် ဒုက္ခရောက်ရတဲ့ ဒေသခံတွေအရေးနဲ့ ဖမ်းဆီးခံရသူတွေ လွှတ်မြောက်ရေး ဝိုင်းဝန်းကြိုးပမ်းပေးနေသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကို အာအက်ဖ်အေ ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။