မင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ထွက်ပြီ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ "နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲကို ဒီကနေ့ မနက် ၁၀ နာရီက မန္တလေးမြို့ ၈၄ လမ်းရှိ DNG စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးခဲ့ပြီး စာအုပ်ပေါင်း တစ်ထောင်လောက် ရောင်းချခဲ့ရတယ်လို့ ကြားသိရပါတယ်။

"နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲတွင် ကိုမင်းကိုနိင် လက်မှတ်ရေးထိုးပေးနေစဉ်။ Photo: 88 Generation Students

ဒီအခမ်းအနား ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီ အားပေးခဲ့ကြတဲ့ မန္တလေး စာပေလောကက စာရေးဆရာတွေ စာပေအားပေးကြတဲ့ မန္တလေး စာဖတ်ပရိသတ်ကို ကျေးဇူးတင်ကြောင်း ကိုမင်းကိုနိုင်က ပြောသွားပါတယ်။

“မန္တလေးကို ကျွန်တော်လာရတာ တခုထူးခြားတာက မန္တလေးဟာ စာပေယဉ်ကျေးမှုမှာ အင်မတန် အဆင့်အတန်း မြင့်တယ်။ ရေခံ မြေခံလည်း အင်မတန် ကောင်းတယ်ပေါ့။ မန္တလေးသားတို့၊ မုံရွာသားတို့ ဆိုတာက စာဖတ်နာတဲ့ လူတွေ၊ နောက်ပြီးတော့ ကိုယ်ပိုင်ဖန်တီးတဲ့ နေရာမှာလည်း သူတို့ရေခံ၊ မြေခံ အကောင်းဆုံးပေါ့။ အဲတော့ ကျွန်တော်ရောက်တဲ့ အခါမှာတော့ ကျွန်တော် ဝမ်းအသာဆုံး အချက် ကတော့ မန္တလေးက စာဖတ်တဲ့ လူတွေကိုယ်တိုင် လာပြီးတော့ အားပေးတာပေါ့။ နောက်တခု ပိုပြီးတော့ ကျွန်တော်တန်ဖိုးထားက ဘာလဲဆိုတော့ မန္တလေးမှာရှိတဲ့ စာပေ အသိုင်းအဝိုင်းက တရင်းတနှီးနဲ့ ကျွန်တော်ကို တနွေးတထွေးနဲ့ ကြိုဆိုကြတာပေါ့။ ဒီစာပေနယ်ထဲ ဝင်လာတဲ့ ကလောင်သစ်တစ်ယောက်ကို အားလုံးက တကဲ့ကိုဗျာ၊ မိသားစု စိတ်ဓာတ်လို့ပဲ ခေါ်ရမလား။ တကယ်လိုလို လားလားနဲ့ ကျွန်တော်ကို လက်တွဲကြတယ်ဗျ။ ကျွန်တော့်ဆီ လာပြီး အားပေးကြတယ်။ မန္တလေးမြို့မှာရှိတဲ့ ထင်ရှားတဲ့ စာရေးဆရာတွေ ကျွန်တော်သိသလောက်ပေါ့ဗျာ၊ အားလုံးနီးပါးလောက်က ကျွန်တော့်ကို နွေးထွေးမှု ပေးတယ်ဗျာ။ အဲဒီအတွက် မန္တလေးစာရေးဆရာတွေကိုရော၊ မန္တလေးစာဖတ် ပရိသတ်တွေရော ကျွန်တော် ကျေးဇူး သိတ်တင်တယ်၊ ကျေးဇူးအများကြီးတင်တယ်ဆိုတာကို ကြုံကြိုက်တုန်း ပြောပါရစေ”

ဒီစာအုပ်ရောင်းချပွဲမှာ ကူညီခဲ့သူ စာရေးဆရာ တစ်ဦးဖြစ်တဲ့ ဆရာရွှေနောင်ရိုးကလည်း အခုလို ပြောသွားပါတယ်။

“မင်းကိုနိုင် ရေးထားခဲ့တဲ့ နောက်ကြည့်မှန် ဆိုတဲ့ ဝထ္တုစာအုပ်လေး၊ အဲတာကို သူက စာဖတ်သူတွေကို လက်ထဲတိုက်ရိုက်ရောက်အောင် ပရိုမိုးရှင်းလုပ်တဲ့ အစီအစဉ်လေးနဲ့ သူကိုယ်တိုင် လက်မှတ်ထိုးတဲ့ ပွဲလေးပါပဲ။ ရောင်းပေးတဲ့ အစီအစဉ်ပါခင်ဗျ။ အဖွဲ့ရယ်လို့တော့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေရော၊ မန္တလေးက ဗကသ ကျောင်းသားတွေရော အားလုံး ဝိုင်းဝန်းပြီးတော့ သူ့စာအုပ်ရောင်းပွဲလေး အောင်မြင်အောင် ဖြစ်အောင်လို့ ကျွန်တော်တို့ ဝိုင်းလုပ်ပေး လိုက်တာ ပါပဲ။ တစ်အုပ်ကို ၂၀၀၀ နှုန်းပါ၊ သူ့လက်မှတ်နဲ့ ကနေ့ မန္တလေးမှာ ၁၀၀၀ လောက် ရောင်းလိုက်ရပါတယ်”

ကိုမင်းကိုနိုင်ဟာ ဒီကနေ့ ညနေ မန္တလေးက ရန်ကုန်ကို ပြန်လာမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org