မန္တလေး ကမ္ဘောဇဘဏ် ဓားပြတိုက်သူကို ဖမ်းဆီးရမိထားကြောင်း ဒေသခံတွေပြော

RFA Burmese
2025.02.22
မန္တလေး ကမ္ဘောဇဘဏ် ဓားပြတိုက်သူကို ဖမ်းဆီးရမိထားကြောင်း ဒေသခံတွေပြော မန္တလေး၊ ကမ္ဘောဇဘဏ် ဓားပြတိုက်သူအား သက်သေခံပစ္စည်းများနှင့်အတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီးက ကမ္ဘောဇဘဏ်ခွဲ ၃၇ ကို ဝင်ရောက်စီးနင်း ဓားပြတိုက်ခဲ့တဲ့ အမျိုးသားကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက RFA ကို အတည်ပြုပြောပါတယ်။

ဓားပြတိုက်ခဲ့သူဟာ အသက် ၅၄ နှစ်အရွယ် ဦးသိန်းဇော်ဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) ရပ်ကွက် ၁၂၀ လမ်း၊ ၆၈ (B) လမ်းနဲ့ ၆၈ (C) လမ်းကြားက အမှတ် အ-၁၇/၉ မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဦးသိန်းဇော်နဲ့ အတူ ဓားပြတိုက်ရာပါ ကျပ်ငွေသိန်းတစ်ထောင်ကျော် (၁၀၉၈ သိန်း) နဲ့အတူ ဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ သေနတ်ကိုပါ ဖမ်းဆီးရမိခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက ဆိုပါတယ်။

"ဖမ်းမိတာဟုတ်ပါတယ်၊ ဓားပြတိုက်ချိန်ကယူသွားတဲ့ ကျပ်ငွေ သိန်းထောင့်တစ်ရာကျော် (၁၁၄၅ သိန်း)ထဲက ကျပ်ငွေ တစ်ထောင်ကျော် (၁၀၉၈) သိန်းနဲ့ ဓားပြတိုက်ချိန်က အသုံးပြုခဲ့တဲ့ သေနတ်နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အတူတူ ဖမ်းမိတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ လကလည်း အဲဒီဘဏ်မှာ တိုက်ခဲ့တဲ့သူကို မိခဲ့သေးတယ်၊ အခု အဲဒီဘဏ်ဟာ နှစ်လအတွင်း နှစ်ကြိမ်အတိုက်ခံလိုက်ရတာ၊ နှစ်ကြိမ်လုံး မိတယ်ပေါ့၊ အရေးယူဖို့လုပ်နေတယ် ကြားတယ်။ အသေးစိတ် မသိရသေးဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ကမ္ဘောဇဘဏ်ရုံးချုပ်နဲ့ မန္တလေးတိုင်းက စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မန္တလေးအပါအဝင် ရန်ကုန်၊ စစ်ကိုင်းနဲ့ မကွေးမြို့တွေမှာပါ ဘဏ်နဲ့ ရွှေဆိုင်တွေ မကြာခဏဆိုသလို ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေဖြစ်ပေါ်နေပြီး ကျူးလွန်သူအများစုကိုတော့ လက်ရှိအချိန်ထိ ဖမ်းမိတာမျိုး မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ရွှေဆိုင်နဲ့ ဘဏ်တွေ လုယက်ဓားပြတိုက်ခံရမှု ၈၂ ကြိမ်ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။