ရှစ်လေးလုံးပြတိုက် တည်ဆောက်ရေး ဆွေးနွေး
ရှစ်လေးလုံးသမိုင်းပြတိုက်ကို တစ်နှစ်အတွင်း အုတ်မြစ်ချနိုင်ရေးအတွက် ၈၈ မျိူးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းနဲ့ ရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ) တာဝန်ခံတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဒီကနေ့ ရှစ်လေးလုံးပြတိုက်(ယာယီ) မှာ ဆွေးနွေးခဲ့ကြပါတယ်။
-
2017-11-17 -
-
-
ရှစ်လေးလုံးသမိုင်းပြတိုက်ကို တစ်နှစ်အတွင်း အုတ်မြစ်ချနိုင်ရေးအတွက် ၈၈ မျိူးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့စည်းနဲ့ ရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ) တာဝန်ခံတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဒီကနေ့ ရှစ်လေးလုံးပြတိုက်(ယာယီ) မှာ ဆွေးနွေးခဲ့ကြပါတယ်။
ပြတိုက်မှာ ပြသမယ့် ပစ္စည်းတွေကို အရပ်သားအနေနဲ့ ထိန်းသိမ်းရတာ တာဝန်ကြီးတာကြောင့် ပြတိုက် တည်ဆောက်ရေးကို အကောင်အထည်ဖော်ဖို့ ၁ နှစ်ထက် နောက်မကျသင့်ဘူးလို့ ၈၈မျိူးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်က ပြောပါတယ်။
"ကျနော်တို့ တစ်နှစ်အတွင်းမှာ အနည်းဆုံးတော့ အုတ်မြစ်ချတာလောက်တော့ လုပ်နိုင်အောင်လို့ ဒီကနေ့ညှိခဲ့တာပဲ၊ အဲထက်လည်း နောက်မကျသင့်ဘူးလို့ ကျနော်ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ထိန်းသိမ်းထားရတာ တာဝန်အင်မတန်ကြီးတယ်ဗျ၊ တကယ့်သမိုင်းဆိုင်ရာ အထောက် ကူပြုတဲ့ပစ္စည်းတွေ နောက်ပြီးတော့ ပြတိုက်မှာ တကယ်ပြသင့်တဲ့ပစ္စည်းတွေဟာ ကြာလာရင် ပျက်ဆီးသွားမှာစိုးတယ်၊ သာမန်အရပ်သားတစ်ယောက်ရဲ့ထိန်းသိမ်းမှုမျိုးက လုံခြုံရေးအတွက် အပြည့်ဝမပေးနိုင်ဘူး"
လူစည်ကားတဲ့နေရာတွေမှာတော့ ပြတိုက်အတွက်နေရာရဖို့ မလွယ်တာကြောင့် အဆောက်အုံမရှိတဲ့နေရာ မှာ နေရာရဖို့နဲ့ ပြတိုက်ကိုလုံခြုံရေးအရ နိုင်ငံတော်က တာဝန်ယူတဲ့ ပြတိုက်မျိုး ဖြစ်ချင်တဲ့အတွက် ဆွေးနွေးနေ ရတယ်လို့ ပြောပါတယ်။
ပြတိုက်တည်ဆောက်ရာမှာလည်း နိုင်ငံတကာအဆင့်မီဖို့ ပြည်တွင်းကပညာရှင်တွေအပြင် ပြည်ပကပညာရှင်တွေကို ပါခေါ်ယူပြီး တည်ဆောက်ဖို့ ဝန်ကြီးချုပ်ကို တင်ပြထားတယ်လို့ ဦးမင်းကိုနိုင် ကပြောပါတယ်။
လက်ရှိမှာတော့ ပြတိုက်အတွက် နေရာရှာဖွေနေတုန်းဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရက နေရာအတွက် ကူညီသွား မှာဖြစ်ပါတယ်။
ရှစ်လေးလုံးသမိုင်းပြတိုက် ယာယီကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်း၊ ကျိုက္ကစံအနောက်ရပ်ကွက်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။