စစ်ကောင်စီနဲ့ တရားဝင်ပစ်ခတ်ရပ်စဲမှုမရှိတဲ့အတွက် စိတ်ချလို့မရကြောင်း AA ပြော

2022.03.05
စစ်ကောင်စီနဲ့ တရားဝင်ပစ်ခတ်ရပ်စဲမှုမရှိတဲ့အတွက် စိတ်ချလို့မရကြောင်း AA ပြော ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို‌ တွေ့ရစဉ်။
Photo: RFA

ရက္ခိုင့်တပ်တော်နဲ့ အာဏာသိမ်း စစ်ကောင်စီကြား နှစ်ဖက်နားလည်မှုနဲ့သာ အပစ်အခတ် ရပ်စဲထားတာဖြစ်တဲ့အတွက် သတိထားစောင့်ကြည့်နေရတဲ့ အခြေအနေမှာ ရှိနေပြီး အမြဲတမ်းအဆင်သင့် ပြင်ဆင်ထားတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောလိုက်ပါတယ်။

ဒီနေ့ မတ်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ အွန်လိုင်းသတင်းစာရှင်းလင်း ပွဲမှာ သတင်းထောက်တစ်ဦးက လက်ရှိရခိုင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေ ဘယ်လိုရှိလဲလို့ မေးမြန်းမှုအပေါ် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လက်ရှိ ရခိုင်ပြည် နယ်မှာ စစ်ရေးအခြေအနေတွေ ငြိမ်နေပေမယ့် ရက္ခိုင့်တပ်တော် AA အနေနဲ့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီနဲ့ တရားဝင် တစ်စုံတစ်ရာ သဘောတူညီမှု လက်မှတ်ရေးထိုး ထားတာ မဟုတ်တဲ့အတွက် စိတ်ချရတဲ့ အခြေအနေမဟုတ်ဘူးလို့ ရခိုင်ဘာသာနဲ့ ဖြေကြားခဲ့တာပါ။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးမှုကို တရားဝင်အစိုးရနဲ့သာ ဆွေးနွေးရမှာဖြစ်ပြီး အာဏာသိမ်း ထားတဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးလို့ မရဘူးလို့လည်း ခိုင်သုခ က ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးမှာ အဖွဲ့တစ်ခုအနေနဲ့ မပါဝင်ပေမယ့် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်း တိုက်ပွဲဝင်နေတာတွေရှိပြီး အခြားအဖိနှိပ်ခံ နေရတာတွေကို ကိုယ်ချင်းစာကြောင်း၊ အဖိနှိပ်ခံအခြေအနေကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာတွေကိုလည်း လေးစားအသိအမှတ်ပြုကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် AA နဲ့ ရခိုင်ပြည်သူတွေကိုယ်တိုင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အမျိုးသားနိုင်ငံတော်ကို သီးသန့်တည်ဆောက်သွားမယ်လို့ လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ဝ၁၉ ခုနှစ်ကစလို့ ရက္ခိုင့်တပ်တော် AAနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်းခဲ့ပြီး ၂ဝ၂၁ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ပွဲတွေ ရပ်သွားခဲ့တာဖြစ် ပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ် ဝှမ်းမှာ အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲငြိမ်သက်နေတာပါ။

စစ်ကောင်စီက ၂ဝ၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ AA ကို အကြမ်းဖက် အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကာလအတွင်း AA နဲ့ ပတ်သက်ဆက်နွယ်မှုတွေရှိ တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။