အစိုးရက အကျဉ်းသားကိစ္စ အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင် AAPP ပူးပေါင်း ကူညီမည်
အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးတာနဲ့ စတင်ဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP က အစိုးရကို ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။
-
2011-11-07 -
-
-
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ရုံးအတွင်း ချိတ်ဆွဲထားသော ပုံ ဖြစ်ပါသည်။
RFA
အဲဒီလို ဆောင်ရွက်ရာမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံးကို နိုင်ငံရေး အကျဉ်းသား အဖြစ် အသိအမှတ် ပြုပေးရမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား စာရင်းကို အစိုးရ အနေနဲ့ ထုတ်ပြန်ပေးဖို့၊ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်လပ်စွာ နိုင်ငံရေး လှုပ်ရှား ခွင့်ပြုဖို့လည်း တောင်းဆိုထားပါတယ်။
လက်ရှိ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဆက်လက် ငြင်းဆန် နေပေမဲ့ နိုင်ငံတကာကိုတော့ နိုင်ငံရေး အကျဉ်းသား (၃၀၀) လောက် လွှတ်ပေးပြီးပြီလို့ ပြောဆိုတာတွေ ရှိနေတယ်လို့လည်း ရေးသားထား ပါတယ်။
ဒါ့အပြင် သမ္မတ အကြံပေး အရာရှိ ဦးကိုကိုလှိုင်က အစိုးရရဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းနဲ့ AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ စာရင်းဟာ ကွဲပြားနေတယ်လို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆိုချက် မတူတဲ့ အတွက် ကွဲပြားနေတာလို့ AAPP အဖွဲ့ အလုပ် အမှုဆောင် ကိုဇော်ထွန်းက အာအက်ဖ်အေကို ပြောပါတယ်။
“လက်နက်ကိုင် တော်လှန်ရေး လုပ်တယ်။ ဗုံးတွေ ခွဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းထဲကို ထည့်မထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပါတယ်။”
မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင် စတာတွေနဲ့ ပူးတွဲပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်သွားမယ်ဆိုရင် AAPP အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။