တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်း အသက်မပြည့်သူ ၂၅ဝ သေဆုံး
2025.02.13

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အသက်မပြည့်သူ ၂၅ဝ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
AAPP ရဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အောက် အမျိုးသား ၁၅၁ ဦးနဲ့ အမျိုးသမီး ၉၉ ဦး စုစုပေါင်း ၂၅၀ ဦး သေဆုံးခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ရခိုင်ပြည်နယ်က ၆၃ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက ၅၅ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာအများဆုံးဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးတာက ဒုတိယအများဆုံးဖြစ်ပါတယ်။
ဒါအပြင် တစ်နှစ်အတွင်း အသက် ၁၈ နှစ်အောက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၁၀ ဦး စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ AAPP က ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ လေးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၂၇၈) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ ကျော်ရှိပါတယ်။