ကိုရိုနာ အန္တရာယ်ကာကွယ်ရေး အကျဉ်းသား တချို့ကို လွှတ်ပေးဖို့ AAPP တောင်းဆို
အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေထဲက အာမခံ ပေးနိုင်သူတွေကို အာမခံပေးဖို့နဲ့ အမိန့်ချပြီးသူတွေထဲက လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးနိုင်တဲ့သူတွေကို လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရုံးကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က စာပေးပို့ တောင်းဆိုထားပါတယ်။
-
ဝေမာထွန်း
2020-03-29 -
-
-
အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေထဲက အာမခံပေးနိုင်သူတွေကို အာမခံပေးဖို့နဲ့ အမိန့်ချပြီးသူတွေထဲက လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးနိုင်တဲ့သူတွေကို လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရုံးကို နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က စာပေးပို့ တောင်းဆိုထားပါတယ်။
လူဦးရေအများအပြား တစ်စုတစ်ဝေးတည်းရှိတဲ့ အကျဉ်းထောင်တွေအတွင်း ရောဂါပိုးရောက်ရှိမယ်ဆိုရင် ကူးစက်ပြန့်ပွားမှုနှုန်း မြန်နိုင်တဲ့အတွက် အကျဉ်းထောင်တွေအတွင်း လူဦးရေလျော့ချမှု လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယူဆပါတယ်။
ထောင်တွေအတွင်းက လူဦးရေ သုံးပုံတစ်ပုံလောက် လျှော့ချသင့်တယ်လို့ AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် ကပြောပါတယ်။
"အနိမ့်ဆုံး ဒီအကျဉ်းထောင်တွေထဲမှာရှိနေတဲ့ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်တော့ အနိမ့်ဆုံး လျှော့ထား သင့်တယ်။ အမြန်ဆုံးပေါ့။ ဗမာပြည်မှာ အခုလောလောဆယ် တစ်နေ့တခြား အခု ရှစ်ယောက်ဖြစ်လာပြီ။ ဘယ်လောက်ထိ တိုးဦးမယ်ဆိုတာ မပြောတတ်သေးဘူး။ တကယ်တမ်းဆိုလို့ရှိရင်တော့ အကျဉ်းသားဦးရေကို ဖြစ်နိုင်သမျှ လျှော့ချပစ်တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။"
ပြီးခဲ့တဲ့ အပတ်က နိုင်ငံတော် သမ္မတရုံးကို AAPP က ထောင်တွင်းလူဦးရေ လျော့ချဖို့ အကြံပြုစာ ပေးပို့ထားပြီး သမ္မတရုံးက စာလက်ခံရရှိကြောင်း အကြောင်းပြန်လိုက်ပေမယ့် ရှေ့ဆက်လုပ်ဆောင်မယ့် အခြေအနေတွေကို မသိရသေးဘူးလို့ ပြောပါတယ်။
အဲဒီလို လွှတ်ပေးရာမှာ လူ့အဖွဲ့အစည်းကို အန္တရာယ်မပြုနိုင်တဲ့ အကျဉ်းသားတွေနဲ့ အသက်ကြီးပြီး ကျန်းမာရေး မကောင်းတဲ့ အကျဉ်းသားတွေကို ဦးစားပေးလွှတ်ပေးဖို့သင့်တယ်လို့ AAPP က အကြံပြုပါတယ်။
ထောင်ထဲမှာရှိတဲ့လူတွေရဲ့ ကျန်းမာရေးအတွက်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို စဉ်းစားပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရုံးချိန်းထွက်နေရတဲ့သူတွေ၊ ထောင်ဝင်စာတွေ့တာတွေ၊ ပြင်ပနဲ့ သွားလာမှုတွေရှိနေတဲ့ ထောင်ဝန်ထမ်းတွေ၊ အကျဉ်းသားအသစ်၊ အချုပ်သားအသစ်တွေကနေ ထောင်တွေအတွင်း ရောဂါပိုး ရောက်နိုင်တဲ့လမ်းကြောင်းတွေ ရှိလာနိုင်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
ရောဂါပိုး တွေ့ရှိသူတွေ ရှိလာပေမယ့် ထောင်ဝင်စာ လာတွေ့တဲ့သူတွေ အများအပြား ရှိနေသေးကြောင်းနဲ့ ထောင်တွင်းရောဂါပိုး ပျံ့နှံ့သွားမှာကို စိုးရိမ်တယ်လို့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ ယောက်ဖ ဖြစ်သူ ကိုရဲဇော် ကပြောပါတယ်။
"အပတ်တိုင်းသွားတယ်။ ထောင်ဝင်စာတွေ့တဲ့သူတွေရော အများကြီးပဲ။ တခြား အပတ်တွေကတော့ ထောင်က ဘာမှလုပ်ထားတာ မတွေ့ဘူးပေါ့နော်။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော်သွားတော့ လက်သန့်ရှင်းရေး လုပ်ဖို့၊ အပူချိန်တိုင်းတာတို့ လုပ်ထားတယ်။ ကိုယ့်အိမ်မှာတော့ လုံခြုံတာပေါ့။ ထောင်ထဲမှာ ကျတော့လည်း ရုံးချိန်းတွေက ထွက်နေရတာပဲ။ တစ်ဦးတစ်ယောက် ပါလာလို့ရှိရင် ထောင်ထဲမှာ မလွယ်ဘူး။ တစ်ယောက် ကူးသွားတာနဲ့ တားဆီးဖို့က ထောင်ထဲမှာ မလွယ်ဘူး။ ဆရာဝန်တွေက အစနည်းတယ်လို့ ပြောတယ်။"
ကိုရဲဇော်ရဲ့ အမျိုးသမီးဟာ မောင်ဖြစ်သူ ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့မှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ရုန်းရင်ဆန်ခတ်ဖြစ်စေရန်သဘောနဲ့ ကြံရွယ်ပြီး ရန်စမှု ပုဒ်မ ၁၃၅ တို့နဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ် ချခံထားရတာပါ။
အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားဦးရေးဟာ ရှိသင့်တဲ့ ဦးရေထက်များပြားနေပြီး အင်းစိန်ထောင်မှာ ဆိုရင် လူဦးရေ တစ်သောင်းခန့်ရှိတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေချိန်မှာ ထောင်တွေအတွင်း ကျန်းမာရေးအတွက် လုံလောက်တဲ့ အစားအသောက်တွေ ကို ကျွေးဖို့၊ ရောဂါအခံရှိသူတွေကို ဆေးဝါးတွေ အလုံအလောက်ပေးဖို့ လိုအပ်နေပါတယ်။
တရားရုံးအသီးသီးမှာလည်း ငွေရလိုမှု၊ အမွေဆက်ခံခွင့်လို ပိုင်ဆိုင်မှုပြဿနာ တရားမမှုတွေကို လာမယ့် မေလ ရောက်မှ ရုံးချိန်းပြန်ချိန်းတာတွေ လုပ်ဆောင်နေတယ်လို့ ရှေ့နေတချို့က ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရာဇဝတ်မှုတွေ၊ တရားမမှုတွေကို အာမခံပေးဖို့လိုအပ်ကြောင်းနဲ့ ရှေ့နေတွေကလည်း အာမခံတွေ လျှောက်ထားကြမယ့် အခြေအနေတွေရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ( မိတ္ထီလာ) ကပြောပါတယ်။
"ရှေ့တစ်ပတ်ကစပြီးတော့ အဲဒီလိုလျှောက်ထားဖို့တော့ ဆိုင်းပြင်းကြတယ်။ ရှေ့နေတွေကလည်း အာမခံတွေ ပေးသင့်တယ်။ ပစ်ဒဏ်ချပြီးပြီဆိုရင် သင့်တော်တဲ့ ခံဝန်နဲ့ လွတ်ငြိမ်းပေးသင့်တယ်။ အထူးသဖြင့်တော့ မူးယစ်နဲ့ ကျထားတာရှိတယ်။ ၁၀ ပြားတို့ ၅ ပြားတို့၊ အဲ့ဒါမျိုးဆိုရင်လည်း လွတ်ငြိမ်းတို့ ဘာတို့နဲ့ သွားသင့်တယ်။"
အကျဉ်းထောင်တွေအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သိနိုင်ဖို့ အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်ကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖြေကြားခြင်းမရှိပါဘူး။
အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထောင်ဝင်စာ လာတွေ့သူတွေကို ပိုးသတ်ဆေးဖျန်းတာ၊ အပူချိန်တိုင်းပြီး အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် အထက်ရှိမယ်ဆိုရင် ထောင်ဝင်စာ တွေ့ဆုံခွင့်မပေးတာ၊ ရုံးထွက်နေတဲ့ အချုပ်သားတွေကို အပူချိန်တိုင်းတာ၊ အကျဉ်းထောင်အတွင်းမဝင်ခင် လက်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေရဲ့ မိသားစုတွေ အထိတ်တလန့်ဖြစ်အောင် Facebook Account တွေနဲ့ သတင်းအတုတွေ ဖြန့်မယ်ဆိုရင် အမှုဖွင့် အရေးယူဆောင်ရွက်သွားမယ်လို့ အခုလ ၂၄ ရက်မှာ အကျဉ်းဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။
အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ကိုရိုနာရောဂါ သံသယရှိသူ အခုလ ၂၄ ရက်နေ့ မသေးဘူးလို့လည်း ပြောထားပါတယ်။ နောက်ထပ် ထုတ်ပြန်တာတော့မရှိသေးပါဘူး။