သံတွဲမှာ PDF နဲ့ ဆက်စပ် စွပ်စွဲခံရသူ နှစ်ဦးအမှု ဆက်လက်စစ်ဆေး

2022.03.03
သံတွဲမှာ PDF နဲ့ ဆက်စပ် စွပ်စွဲခံရသူ နှစ်ဦးအမှု ဆက်လက်စစ်ဆေး သံတွဲမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ် ကို တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့အမှုက တရားလို သက်သေတွေ အားလုံးကို မတ်လ ၃ ရက်နေ့ ဒီနေ့မှာ စစ်ဆေးပြီးစီးသွားပြီလို့ အကျိုးဆောင်ရှေ့နေ ဒေါ်သိင်္ဂီမောင်က RFA ကို ပြောပါတယ်။

သူတို့နှစ်ဦးကို သံတွဲမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ ဒီအမှုမှာ တရားလိုပြ သက်သေ ၁၃ ဦးကို ပြီးခဲ့တဲ့ရုံးချိန်းတွေက စစ်ဆေးပြီးသွားပြီ ဖြစ်သလို ဒီနေ့ ရုံးချိန်းမှာလည်း ပြန်ခေါ်သက်သေဖြစ်တဲ့ သံတွဲမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်စိုးကိုလည်း စစ်ဆေး ပြီးသွားပြီလို့လည်း ပြောပါတယ်။

ဒါကြောင့် လာမယ့် မတ်လ ၉ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက် ပေးရမှာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

“ဒီနေ့မှာတော့ ရုံးခေါ်သက်သေဖြစ်တဲ့ သံတွဲ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်စိုးကို စစ်ပါတယ်။ ဒါကြောင့် တရားလိုပြသက်သေတွေအားလုံးကို အပြီးသတ် စစ်ဆေးပြီးပါပြီ။ လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးပြီး စွဲချက် အမိန့်ချပါမယ်”

ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ဟာ မအူပင်မှာဖမ်းမိတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်တယ် ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက သူတို့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် ငပလီအခြေစိုက်တပ်ရင်းက ဗိုလ်ကြီး နေဇော်ထက်က တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂(က)နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရတာ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား လေးဦး၊ စုစုပေါင်း ကိုးဦးအထိ ရှိနေပါတယ်။

အဲဒီ အထဲမှာ သံတွဲမြို့နယ်က အများဆုံးဖြစ်ပြီး တောင်ကုတ်မြို့က နှစ်ဦး၊ ကျောက်ဖြူ၊ မြောက်ဦး စတဲ့မြို့နယ်တွေက တစ်ဦးစီ ပါဝင်ပါတယ်။

မြောက်ဦးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ လူငယ်စာရေးဆရာ ကိုမင်းဒီပါ (ခေါ်) ကိုအောင်မြင့်နိုင် ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည)နဲ့ မြောက်ဦးခရိုင် တရားရုံးကနေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။