UNA နဲ့ မဟာမိတ် ဖျက်တဲ့ကိစ္စ ANP ပါတီတွင်း ဆွေးနွေးဦးမည်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ရခိုင်အမျိုးသား ပါတီက မဟာမိတ်ဖြတ်တောက်ခဲ့တယ် ဆိုတဲ့ ကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး UNA နဲ့ မဟာမိတ်လက်တွဲလိုတဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် မှုဆောင်အဖွဲ့တို့ အခုလထဲမှာ ဆွေးနွေးသွားမယ်လို့ ပြော ပါတယ်။
-
2016-02-21 -
-
-
Your browser doesn’t support HTML5 audio
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ရခိုင်အမျိုးသားပါတီက မဟာမိတ်ဖြတ်တောက် ခဲ့တယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး UNA နဲ့ မဟာမိတ်လက်တွဲလိုတဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့တို့ အခုလထဲမှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် အစည်း အဝေးရဲ့ ဆုံးဖြတ်ချက်ဟာ တဖက်သတ်ဆုံးဖြတ်ခဲ့တာဖြစ်လို့ အခုလို စီစဉ်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောပါတယ်။
"တဖက်သတ်ဖြတ်တောက်လိုက်တယ်၊ ဒီဟာကတော့ ကျနော်တို့အနေနဲ့လည်း လက်ခံနိုင်ဖွယ် မရှိပါဘူး၊ ဒီတော့ ဒီကိစ္စတွေကို ကျနော်တို့ပါတီထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမယ်၊၊ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ ကျနော်တို့သွားမယ် ပြီးတော့လည်း ကျနော်တို့ပါတီပြင်ပဖြစ်တဲ့ အဲ့ဒီ UNA အပါအဝင် တခြားမဟာမိတ်တွေနဲ့ ကျနော်တို့ လက်တွဲသွားဖို့ရှိပါတယ်"
အဲ့ဒီ ဖေဖော်ဝါရီလ ၆ ရက်နေ့က ANP ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကနေ UNA နဲ့ မဟာမိတ်ဖြတ်တောက်ပြီး ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နဲ့သာ မဟာမိတ်အဖြစ် လက်တွဲသွား မယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ယခင် ALD ပါတီဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုး များမဟာမိတ်အဖွဲ့ UNA ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး RNDP ကတော့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။
စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့သူ ၂၆ ဦးဟာ ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က အဖွဲ့ဝင်တွေသာဖြစ်တယ်လို့ သိရပါတယ်။
ပါတီနှစ်ခုပူးပေါင်းစဉ်က နှစ်ဖက်မဟာမိတ်အဖွဲ့တွေကို အရင်အတိုင်းဆက်လက်ထားဖို့ ဆုံးဖြတ်ထား ခဲ့တာကြောင့် ဒီလအတွင်းတွေ့ဆုံမယ့် ဆွေးနွေးပွဲမှာ ပါတီနှစ်ခုပူးပေါင်းဖို့ တိုက်တွန်းခဲ့တဲ့ မဟာမိတ် အဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ ပြောပါတယ်။
ဦးမျိုးကျော်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။