ANP ပါတီ လူငယ်ခေါင်းဆောင်ဟောင်းအပါအ၀င် လေးဦး ဖမ်းဆီးခံရ
2024.06.02

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာနေထိုင်နေတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ လူငယ်ခေါင်းဆောင်ဟောင်း ဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်နဲ့ ရခိုင်လူငယ်သုံးဦးတို့ မေလ ၃၁ ရက်နေ့ ည ၈ နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်တို့ဟာ ဖမ်းဆီးခံထားရတာ ၂၄ နာရီကျော်လာပေမဲ့ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ အခုထိမသိရသေးဘူးလို့ ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့်ရှိသူ ဦးသာထွန်းလှကတော့ ဂန်ဘာရီ ဖမ်းဆီးခံရတဲ့အခြေအနေကို အသေးစိတ်စုံစမ်းနေတယ်လို့ RFA ကိုပြောပါတယ်။
"ဖမ်းခံရတာ ကြားပါတယ်။ ဘာမှ အတိအကျ မသိရသေးပါဘူး။ လောလောဆယ် ကျွန်တော်တို့က ဘာကြောင့်ဖမ်းခံရတယ်ဆိုတာကို လေ့လာနေဆဲပဲရှိသေးတယ်။ ပြီးတော့ ဂန်ဘာရီဟာ လူငယ်ခေါင်းဆောင်ဟောင်းလို့ ပြောလို့ရပါတယ်"
မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ ဂန်ဘာရီဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားတာမျိုးမရှိဘဲ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားနေသူဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောအခြေအနေအရ ဂန်ဘာရီနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်သုံးဦးရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဂန်ဘာရီဟာ စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေး၊ သဘာဝဘေးဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်လို့ ပြည်သူတွေအပေါ် တက်တက်ကြွကြွ ကူညီပေးတတ်သူတစ်ဦးဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီဖမ်းဆီးမှုအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။