ဂွမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
ရခိုင်ပြည်နယ် ဂွမြို့နယ် မကျည်းငူရွာမှာ စိုက်ထူထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ဗီနိုင်း ပိုစတာ မနေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။
-
2015-10-02 -
-
-
ရခိုင်ပြည်နယ် ဂွမြို့နယ် မကျည်းငူရွာမှာ စိုက်ထူထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ဗီနိုင်းပိုစတာ မနေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေက ပြော ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ညိုက ပြောပါတယ်။
"စာသားတွေရိုက်ထားတဲ့ အဲ့ဒီဗီနိုင်းစက အပေါ်ကနေ အောက်ကိုအားလုံးကွဲကျသွားတယ်၊ ဗီနိုင်းစက ၈ ပေ၊ ၆ ပေရှိတဲ့ဗီနိုင်းပေါ့၊ အဲ့ဒီဗီနိုင်းမှာ ကိုယ်စားလှယ်လောင်း ၃ ဦးရဲ့ အမည်စာရင်းနဲ့ ဓါတ်ပုံတွေပါကြော်ငြာ ထားတဲ့ ဆိုင်းလုတ်ပေါ့၊ ကျနော်က ညတုန်းကပဲ ရဲစခန်းမှာအမှုဖွင့်ထားပြီးပြီ"
အဲ့ဒီဗီနိုင်းပိုစတာကြီးဟာ ၈ ပေ၊ ၆ ပေ အကျယ်ရှိပြီး ရခိုင်အမျိုးသားအရေးဆောင်ရွက်မယ့် ရခိုင်အမျိုးသား ပါတီဆိုတဲ့စာသားတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ဓာတ်ပုံတွေ ပါဝင်တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကလည်း အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စု အနောက်ရွာမှာ ရခိုင်အမျိုးသားပါတီရုံး ဆိုင်းဘုတ်ဖျက်ဆီးခံခဲ့ရပါတယ်။