ရခိုင်နှစ်ပါတီ ပူးပေါင်းမည်

ရခိုင်မျိုးချစ်ပါတီ APP ကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနဲ့ ပူးပေါင်းဖို့ နှစ်ဖက်ပါတီခေါင်းဆောင်တွေ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်မျိုးချစ်ပါတီ APP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီခေါင်းဆောင်တွေ စစ်တွေဟိုတယ်မှာ ၂၀၁၈ အောက်တိုဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် Photo: Min Thein Aung/RFA

ရခိုင်မျိုးချစ်ပါတီ APP ကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနဲ့ ပူးပေါင်းဖို့ နှစ်ဖက် ပါတီခေါင်းဆောင်တွေ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။

စစ်တွေဟိုတယ်မှာ နှစ်ဘက်ပါတီခေါင်းဆောင်တွေ ဒီနေ့နေ့လယ်က တွေ့ဆုံဆွေးနွေးပြီးနောက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်မျိုးချစ်ပါတီမှာ ရှိနေသူတွေဟာ အရင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေဖြစ်သလို ပါတီနှစ်ခုလုံးရဲ့ မူဝါဒတွေ၊ ဦးတည်ချက်တွေ တူညီတဲ့အတွက် အခုလိုပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ရခိုင်မျိုးချစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှမြင့် ကတော့ ရခိုင်ပြည်သူတွေတောင်းဆိုနေတာက ရခိုင်နိုင်ငံရေးသမားတွေ ညီညွတ်ရေးဖြစ်တဲ့အတွက် အဲဒီအချက်ကို သူတို့အနေနဲ့ တည်ဆောက်လိုက်နိုင် တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ရခိုင်မျိုးချစ်ပါတီ APP ဘက်က ပါတီဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးအပါအဝင် ၅ ဦးတက်ရောက်ခဲ့သလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဘက်ကတော့ လေးဦး တက်ရောက်ခဲ့ပါတယ်။

ရခိုင်မျိုးချစ်ပါတီ APP က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနဲ့ တစ်ပါတီတည်းဖြစ်အောင် ပူးပေါင်းဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org