မြဝတီမြို့နယ် ဖလူးလေးဒေသမှာ တိုက်ပွဲပြန်ဖြစ်

2022.03.02
မြဝတီမြို့နယ် ဖလူးလေးဒေသမှာ တိုက်ပွဲပြန်ဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA တပ်ဖွဲ့ဝင်တွေကို ၂၀၁၅၊ ဇန်နဝါရီ ၃၁ ရက် ကျင်းပတဲ့ ၆၆ နှစ်မြောက် ကရင့်‌တော်လှန်ရေးနေ့မှာ တွေ့ရစဉ်
Photo: KC ORTIZ / AFP

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ဖလူးလေးဒေသမှာ မတ် ၂ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA တို့ တိုက်ပွဲဖြစ်နေတယ် လို့ အဲဒီဒေသမှာ ရောက်နေသူတွေက ပြောပါတယ်။

ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ် တို့ဟာ ဖလူးလေးဒေသကို စစ်ကြောင်းထိုးလာရင်း KNLA နဲ့ PDF ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ဒီမနက်က ပြောပါတယ်။

"KNLA ပူးပေါင်းတပ်ဘက်က ပခုံးတစ်ယောက် ထိလာတယ်။ (စစ်ကောင်စီတပ်) အင်အားမများဘူး။ ၃၀ ဝန်းကျင်ပဲ။ အခုတော့ ပြန်ငြိမ်နေပါတယ်"

စစ်ကောင်စီ ထိုးစစ်ဆင်လာတဲ့ အဲဒီဖလူးလေးဒေသမှာ စစ်ဘေးဒုက္ခသည်စခန်း ရှိနေပြီး စစ်ဘေးဒုက္ခသည် ၈၀၀ ဝန်းကျင် နေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က လေးကေ့ကော်မြို့သစ်မှာ ခိုလှုံနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က လွှတ်တော်အမတ်အချို့ အပါအဝင် CDM ဝန်ထမ်းတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးရာကနေ KNU လက်အောက်ခံ KNLA၊ KNDO၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား ဒီဇင်ဘာ ၁၅ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ သုံးသောင်းနီးပါး သောင်ရင်းမြစ်ဘေးမှာ ခိုလှုံ နေကြရပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ခြောက်ထောင်ခန့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ဖလူးလေးဒေသမှာလည်း ဒုက္ခသည်တွေ ခိုလှုံနေကြပါတယ်။

ဒီနေ့မနက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ထိခိုက်ကျဆုံးမှုအခြေအနေ အသေးစိတ် မသိရသေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား ဖလူးကြီးနဲ့ ဖလူးလေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ခဲ့သလို ဖေဖော်ဝါရီ ၁၆ ရက်ကလည်း လေးကေ့ကော် မြို့သစ်အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။