မြို့နယ်လေးမြို့နယ်မှာ မဲမသမာမှု (၇) သောင်းခွဲနီးပါး ရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ (၃၄၇၁၀) မဲ ရှိခဲ့ပြီး၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း (၃၉၅၉၆) မဲ ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

၂ဝ၂ဝ ဒီဇင်ဘာ ၂၃ ရက်နေ့က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား တက်ရောက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ (၃၄၇၁၀) မဲ ရှိခဲ့ပြီး၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း (၃၉၅၉၆) မဲ ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်းအတွင်းက အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ကချင်ပြည်နယ်က တနိုင်းမြို့နယ်၊ စုစုပေါင်း လေးမြို့နယ်မှာ မဲပေးခဲ့တဲ့ အခြေအနေတွေကို ပြန်စစ်ဆေးပြီး ကနဦးတွေ့ရှိချက်တွေအဖြစ် တပ်မတော်က ထုတ်ပြန်လိုက်တာပါ။

တပ်မတော်က တွေ့ရှိတဲ့ မဲသမာမှုဖြစ်နိုင်တဲ့ စာရင်းတွေထဲမှာ အသက် (၁၈) နှစ် မပြည့်သူတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေ မဲစာရင်းမှာ ပါဝင်နေတာကို ထောက်ပြထားပါတယ်။ ဒါ့ပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တစ်ခုတည်းနဲ့ အမည်လွဲနေတာ၊ မိဘအမည် အသက်လွဲနေတာတွေကို အသုံးပြုပြီး တစ်ကြိမ်ထက်ပို မဲပေးခဲ့တာတွေ ရှိတယ်လို့လည်း အရေအတွက်နဲ့တကွ ထောက်ပြထားပါတယ်။

ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ သိနိုင်ဖို့ တပ်မတော်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ် (၂၁၈) မြို့နယ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည် စိစစ်နေတယ်ဆိုပြီး တပ်မတော်က ကြေညာထားတာပါ။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတော်သမ္မတမှာ တာဝန်အရှိဆုံးလို့ တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲ တရားမမျှတဘူးဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲသမာမှုပေါင်း (၁၀၀၀) ကျော် တိုင်ကြားထားပါတယ်။

----------------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org