မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အမြစ်ပြတ်နှိမ်နင်းဖို့ လိုအပ်နေဆဲ

RFA Burmese
2024.03.14
မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အမြစ်ပြတ်နှိမ်နင်းဖို့ လိုအပ်နေဆဲ လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
RFA

ကရင်ပြည်နယ် မြဝတီမြို့နယ်က အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ရှစ်ရာကျော်ကို မကြာသေးခင်က ပြန်ပို့ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မတ်လ ၁၃ ရက် ညနေပိုင်းက ထုတ်ပြန်ပါတယ်။

အဲဒီလုပ်ငန်းတွေကို ဥပဒေနဲ့အညီ နှိမ်နင်းနိုင်ဖို့ ၂၀၂၃ ခုနှစ် မတ်လကတည်းကစတင်ပြီး မြန်မာ၊ ထိုင်း အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

"မြဝတီမှာရှိတဲ့ ဂိမ်းရုံတော်တော်များများက တရုတ်တွေပဲ ဦးစီးတာ”

ဒီနေ့ရရှိတဲ့ ဆင်ဟွာသတင်းမှာလည်း မြန်မာနိုင်ငံက အွန်လိုင်းလောင်းကစား၊ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသား ရှစ်ကျော်ကို ပြန်ပို့ခဲ့ကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားရေးသားထားပါတယ်။ ဘယ်နေ့၊ ဘယ်ရက်က ဘယ်လိုပြန်ပို့ခဲသလဲဆိုတာကို အတိအကျ ဖော်ပြမထားပါဘူး။ ဒါဟာ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ နှစ်ရှည်ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးရလဒ်လို့သာ ဆိုထားပါတယ်။

ဖမ်းဆီးမှုတွေကြောင့် လောင်းကစားရုံနဲ့ ငွေလိမ်ဂိုဏ်းကြီးတွေကနေ ခွဲထုတ်ပြီး လုပ်ငန်းအသေးလေးတွေ အများကြီးထပ်ပေါ်လာတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“မြဝတီမှာ လောင်းကစားရုံတွေလည်း လက်ရှိအချိန်ထိ ရှိတယ်။ လောင်းကစားရုံတွေက ခွဲထွက်ပြီးတော့ မြို့လယ်မှာပေါ့ ရုံသေးသေးလေးတွေ အများကြီးပေါ်လာတယ်။ အခုလက်ရှိလည်း ရှိတယ်။ တရုတ်တွေ အများကြီးပဲပေါ့။ မြဝတီမှာရှိတဲ့ ဂိမ်းရုံတော်တော်များများက တရုတ်တွေပဲ ဦးစီးတာ”

၂၀၂၄ ဖေဖော်ဝါရီ ၂၉ ရက်နဲ့ မတ်လ ၁ ရက်နေ့တုန်းကလည်း မြဝတီခရိုင်က အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ကိုးရာခန့်ကို မြဝတီကနေ ထိုင်းနယ်စပ် မဲဆောက်၊ အဲဒီကနေမှတစ်ဆင့် တရုတ်နိုင်ငံထံ နှစ်သုတ်ခွဲပြီး ပြန်ပို့ခဲ့တယ်လို့ ထိုင်းအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

အဲဒီတရုတ်နိုင်ငံသားတွေဟာ ရွှေကုက္ကိုအထူးစီးပွားရေးဇုန်တစ်ခုတည်းကဖြစ်ပြီး မြဝတီမြို့နေရာအနှံ့မှာ တရုတ်နိုင်ငံသားတွေ သောင်းနဲ့ချီပြီး ကျန်နေသေးတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“တရားမဝင် ဝင်လာတဲ့ အိုဗာစတေးတရုတ်တွေကို သူတို့က ရှင်းထုတ်လိုက်တယ်။ ရှိတာကတော့ အများကြီးပဲ။ သူတို့တွေက ပြောရမယ်ဆိုရင် သောင်ရင်းမြစ်ရိုးတစ်လျှောက် ရွှေကုက္ကိုအထိက လုံး၀ ကာစီနိုနယ်မြေတွေလို ဖြစ်သွားတာ။ ကာစီနိုရုံတွေထဲမှာ ကျားဖျန့်တွေကို သူ့အပိုင်းနဲ့သူ လုပ်တဲ့သဘောမျိုးတွေ”

ဒီလိုဖမ်းဆီးမှုတွေကြောင့် အခုနောက်ပိုင်း မြဝတီမှာ တရုတ်နိုင်ငံသားတွေ သိုသိုသိပ်သိပ် သွားလာနေထိုင်တာမျိုးတော့ တွေ့လာရတယ်လို့ နောက်ထပ် မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“အရင်ကထက်ပိုပြီးတော့ တင်းကျပ်လာတယ် ရွှေကုက္ကိုကလေ၊ ဒါပေမဲ့ လက်ရှိမှာ မြ၀တီကတရုတ်ကလည်း ရွှေကုက္ကိုပဲ ပြေးစရာရှိတယ်။ ရွှေကုက္ကိုက တရုတ်ကလည်း မြ၀တီပဲလာကြတယ်။ အရင်လို တစုတစည်းတည်း မဟုတ်တော့ဘဲ ပြန့်သွားတယ်။ အရင်လို ပေါ်ပေါ်ထင်ထင်ကြီး တရုတ်တွေကို ကားပေါ်တင်ပြီးတော့ လုံးလုံးလုံးလုံး လုပ်တာတော့ မတွေ့တော့ဘူး”

ဒီအခြေအနေတွေကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က တရုတ်နိုင်ငံသားတွေကို နေထိုင်ခွင့်နဲ့ အကာအကွယ် ပေးခွင့်အတွက် အခွန်တိုးကောက်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းရေးနဲ့ပတ်သက်လို့ ရန်ကုန်ရှိ တရုတ်နဲ့ ထိုင်းနိုင်ငံ သံရုံးတွေကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

ဒီလုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်နေတာကြောင့် မြ၀တီခရိုင်က ကျားဖျန့် လုပ်ငန်းတွေကိုလည်း တရုတ်အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်လိမ့်မယ်လို့ ကရင်ပြည်နယ် မြဝတီဒေသက တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ စောဘဦးလေး က ပြောပါတယ်။

“သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အခြေအနေမျိုးမှသာ သူက (တရုတ်က) အခုလို ဖိဖိစီးစီး တုံ့ပြန်လာတာလို့ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။ ဆိုတော့ ရှေ့လျှောက်ကိုတော့ သူကတော့ ထိုင်းနိုင်ငံတို့လို၊ လာအိုနိုင်ငံတို့လိုမျိုးနဲ့ ပူးပေါင်းပြီးတော့ ကျားဖျန့်လုပ်ငန်းမျိုးကိုတော့ ဖိဖိစီးစီး ကိုင်တွယ်လိမ့်မယ်လို့ မြင်ပါတယ်”

ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA ထိန်းချုပ်နယ်မြေ မြို့ဝတီခရိုင် ကျောက်ခက်ကျေးရွာမှာဆိုရင် ကာစီနိုလောင်းကစားရုံနဲ့ ငွေလိမ်ဂိုဏ်းပေါင်း လေးဆယ်ခန့်ရှိနေပြီး နိုင်ငံခြားသား သုံးထောင်ကနေ ငါးထောင် လောက်အထိ ပိတ်လှောင်ခိုင်းစေခံနေရတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေက ပြောပါတယ်။

မြဝတီခရိုင်ဟာ နယ်စပ်ဒေသဖြစ်တာကြောင့် အရင်ကတည်းက နိုင်ငံရေး၊ စီးပွားရေး ရှုပ်ထွေးပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေရှိသလို နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်ဖွဲ့တွေ လှုပ်ရှားနေပါတယ်။

ကျားဖျန့်လုပ်ငန်းတွေ နှိမ်နင်းရေးနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့တွေရဲ့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။


ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းမြစ်ဘေး၌ ကာစီနိုနှင့် အွန်လိုင်း‌လောင်းကစား လုပ်ကိုင်နေသည့် အဆောက်အအုံတစ်ခုအား တွေ့ရစဥ်။ (Photo: RFA)
ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းမြစ်ဘေး၌ ကာစီနိုနှင့် အွန်လိုင်း‌လောင်းကစား လုပ်ကိုင်နေသည့် အဆောက်အအုံတစ်ခုအား တွေ့ရစဥ်။ (Photo: RFA)


နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူက အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံက တောင်းခံလာရင် ပြန်ပို့ပေးနေပြီး ထပ်အဝင်မခံဘူးလို့ ဖေဖော်ဝါရီလဆန်းပိုင်းက RFA ကို ပြောခဲ့ပါတယ်။ ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစော တောနီးကတော့ ကျားဖျန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်း၊ တရုတ်တို့နဲ့ ပူးပေါင်းသွားမယ်လို့ ဇန်နဝါရီလ အစောပိုင်းက ပြောခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန့်) တွေကို ထိုင်းနဲ့ မြန်မာ ပူးပေါင်းနှိမ်နင်းမယ်လို့ ၂၀၂၃ ဒီဇင်ဘာနဲ့ ၂၀၂၄ ဇန်နဝါရီလထဲမှာ ပြောဆိုထားပြီး လက်ရှိ ဘာတွေလုပ်ဆောင်နေသလဲဆိုတာကို အသေးစိတ်ထုတ်မပြောပါဘူး။

ဒါပေမဲ့ မြန်မာပိုင်နက်ထဲကနေ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်မယ်ဆိုရင် လက်မခံဘဲ နှိမ်နင်းသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တိုင်း ထည့်သွင်းပြောဆိုလေ့ ရှိပါတယ်။

တရုတ်အစိုးရဟာ ထိုင်း-မြန်မာနယ်စပ်က ကျားဖျန့်လုပ်ငန်းတွေကိုလည်း ဆက်လက်နှိမ်နင်းမှာဖြစ်ပေမယ့် ချက်ချင်း အမြစ်ပြတ်ရှင်းလင်းဖို့ ခက်ခဲလိမ့်မယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“တရုတ်ကလည်း သူလုပ်စရာရှိတာတော့ ဆက်လုပ်ဦးမှာပဲ။ ရှမ်းမြောက်က ကိစ္စတွေလို တဖြည်းဖြည်း တိုးလုပ်လာမယ်ထင်တယ်။ ချက်ချင်းကြီးတော့ အမြစ်ပြတ်ဖို့ဆိုတာ သိပ်မလွယ်ဘူး။ စဉ်ဆက်မပြတ် သူတို့ ဖိအားပေးပြီး လုပ်နေမှဖြစ်မယ်။ သိပ်တော့ မလွယ်ပါဘူး ဒီကိစ္စက”

တရုတ်အစိုးရဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကိုးကန့်ခေါင်းဆောင်တချို့နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) က ထိပ်တန်းအရာရှိတွေကိုပါ ရှမ်းမြောက်ဒေသက ကျားဖျန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး ဖမ်း၀ရမ်းထုတ်ခဲ့သလို ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်-မြန်မာနယ်စပ်ကနေ လွှဲပြောင်းယူခဲ့ပါ တယ်။

အခု ထိုင်း-မြန်မာနယ် တာချီလိတ်နဲ့ မြဝတီခရိုင်မှာ ကြီးထွားနေတဲ့ ကျားဖျန့်လုပ်ငန်းတွေကိုရော ရှမ်းမြောက် ဒေသလိုမျိုး ထိထိရောက်ရောက် ကိုင်တွယ်နိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။