ထိုင်းမှာ နှစ်ရက်အတွင်း မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမှာ နို၀င်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်အတွင်း တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ မြန်မာ ၂၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ကူညီပေးနေသူတွေက နို၀င်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2024-11-18 -
-
-
ထိုင်းနိုင်ငံမှာ နို၀င်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်အတွင်း တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ မြန်မာ ၂၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ကူညီပေးနေသူတွေက နို၀င်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မလေးရှားနိုင်ငံအထိ သွားဖို့အတွက် ထိုင်းနိုင်ငံထဲ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူ မြန်မာ ၁၈ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
"နို၀င်ဘာလ ၁၇ ရက်နေ့က တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ထဲမှာ မလေးရှားနိုင်ငံထိ ခရီးရှည်သွားကြမဲ့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး လေးဦးနဲ့ ကလေး နှစ်ဦး၊ စုစုပေါင်း ၁၈ ဦး ဖမ်းဆီးခံခဲ့ရတယ်"
နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကနေ မဲဆောက်မြို့ကိုလာတဲ့ ၁၈ ဘီးကား အောက်ပိုင်းမှာ မြန်မာ ရှစ်ဦး ပုန်းခိုလိုက်ပါလာစဉ် ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထိုင်းလူ၀င်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး အစုလိုက်အပြုံလိုက် ဖမ်းမိတဲ့သူတွေကိုတော့ လူကုန်ကူးမှုနဲ့ အရေးယူခံရနိုင်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာမှု များပြားနေသလို ဖမ်းဆီးခံရမှုတွေလည်း ဆက်တိုက်ဆိုသလို ရှိနေတာပါ။
နို၀င်ဘာလ ၉ ရက်နေ့ကနေ နို၀င်ဘာလ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ တာ့ခ်ခရိုင်၊ ဖန်ငခရိုင်တို့မှာ တရားမ၀င် နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ ရိုဟင်ဂျာ ခုနစ်ဆယ်အပါအ၀င် မြန်မာ စုစုပေါင်း ၁၉၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။