တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသား ၁၁ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

အဖမ်းခံရသူတွေဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားကို တစ်ဦးအတွက် ဘတ်ငွေ တစ်သောင်းခြောက်ထောင် ပေးခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် ဖမ်းဆီးခံရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားအချို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တွေ့ရစဉ်။ Khaosod English

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦး ဇန်နဝါရီလ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ဆိုင်ယို့ဒ် - ကန်ချနပူရီသွား အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်သွားယာဉ်လာတွေကို စစ်ဆေးနေတဲ့ ရဲတွေက တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ကန်ချနပူရီခရိုင် ဆိုင်ယိုဒ့်နဲ့ ကန်ချနပူရီကိုသွားတဲ့ အဝေးပြေးလမ်းမကြီးမှာ မီးခိုးရောင်ယာဉ်တစ်စီးက လူပိုတွေသယ်ဆောင်လာတဲ့အနေအထားကိုမသင်္ကာဖြစ်ပြီးတော့ ဒေသခံရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးတာကို စစ်ဆေးတာမခံဘဲ မော်တော်ယာဉ်ကို အရှိန်မြှင့်မောင်းတယ်။ ထွက်ပြေးတယ်။ အဲဒီမှာ တာဝန်ရှိသူတွေက နောက်က ထပ်ကြပ်မကွာလိုက်လံဖမ်းဆီးတာမှာ ထိုင်ယာဉ်မောင်း ပွဲစားက မြန်မာအလုပ်သမား ၁၁ ယောက်ကို ထားခဲ့ပြီးတော့ ထွက်ပြေးသွားတယ်”

ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်လုပ်ရမယ်ဆိုပြီး လူမှောင်ခိုပွဲစားကို တစ်ဦးအတွက် ဘတ်ငွေ တစ်သောင်းခြောက်ထောင် ပေးခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။

ဖမ်းဆီးခံရသူမြန်မာနိုင်ငံသားတွေဟာ ဒေသဆိုင်ရာရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ်ကျခံပြီးသွားရင်လည်း မြန်မာပြည်ကို ပြန်ပို့ခံရနိုင်တယ်လို့ အလုပ်သမားအရေးကူညီသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေအပါအဝင် အလုပ်အကိုင်ရှားပါးမှု၊ စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေသူတွေ နေ့စဉ်ရှိနေသလို လူကုန်ကူးမှုတွေရှိနေတာကြောင့် သတိထားကြဖို့လည်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင်နေထိုင်မှုတွေနဲ့ မြန်မာနိုင်ငံသား ခုနစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) စာရင်းတွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org