Dawei Watch သတင်းဌာနက သုံးဦး ဖမ်းဆီးခံရ

2022.01.19
Dawei Watch သတင်းဌာနက သုံးဦး ဖမ်းဆီးခံရ Dawei Watch သတင်းဌာနက သတင်းထောက် ကိုဇော်နဲ့ မမိုးမြင့် တို့ကို တွေ့ရစဉ်
Photo: Citizen Journalist

ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက် ကိုဇော်၊ မမိုးမြင့်နဲ့ ရုံးဝန်ထမ်း ကိုသားကြီး တို့ဟာ ဇန်နဝါရီလ ၁၈ ရက် မနေ့က ညက ဖမ်းဆီးခံလိုက် ရပါတယ်။

မနေ့ည ၁၁ နာရီလောက်အချိန်မှာ မမိုးမြင့်နေထိုင်တဲ့ ထားဝယ်မြို့ တလိုင်းထိန် ရပ်ကွက်ထဲကို စစ်ကောင်စီ တပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ မျက်မြင်တစ်ဦးက RFA ကို ပြောပါတယ်။

"မမိုးမြင့်ကို လာဖမ်းတဲ့ပုံစံက သတင်းအတိအကျရလို့ လာဖမ်းတဲ့ပုံစံပါ။ ပြေးချိန်တောင် မရလိုက်ဘူး။ နောက်ဖေးလမ်းကြားတွေရော လမ်းတွေရော အကုန်ပိတ်ဖမ်းတာ။ မြင်ရတဲ့ ကျနော်တို့တောင် ကြောက်မိတယ်။ နောက်နှစ်ယောက်ကို ကျတော့ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်မှာရှိတဲ့ ဝန်ထမ်းအိမ်ယာမှာ ဖမ်းသွားတာ"

သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးကြောင်းလည်း သူက ပြောပါတယ်။

ထားဝယ်မြို့မှာ ဒေသအတွင်း မီဒီယာတွေ အားနည်းတဲ့အတွက် အခုလို ဒေသခံ သတင်းထောက်တွေ အဖမ်းခံရတာက ဒေသအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာ စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောပါတယ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုအထိ တနင်္သာရီတိုင်းအတွင်းမှာ ဖမ်းဆီးခံထားရသူ ၉၁၃ ဦးအထိ ရှိလာနေတယ်လို့ ဒေသတွင်းက အချက်အလက်တွေကို မှတ်တမ်းပြုစုနေတဲ့ Bee Tenasserim အဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။