AA တပ်ချုပ်ရဲ့နှမနဲ့ ယောက်ဖ အဖမ်းခံရပြီး မိသားစုနဲ့ အဆက်အသွယ် မရသေး

မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမ မမိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင် တို့နဲ့ ပတ်သက်လို့ ဒီနေ့ အချိန်ထိ အဆက်အသွယ် မရသေးသလို မည်သည့်အဖွဲ့အစည်းက ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တစ်ဦးနဲ့ AA ပြောခွင့် ရသူတို့က RFA ကို ဒီကနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တွေ့ရစဉ်

မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမ မမိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင် တို့နဲ့ ပတ်သက်လို့ ဒီနေ့ အချိန်ထိ အဆက် အသွယ်မရသေးသလို မည်သည့်အဖွဲ့အစည်းက ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တစ်ဦးနဲ့ AA ပြောခွင့်ရသူတို့က RFA ကို ဒီကနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ပြန်လာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက်ဖတော်စပ်သူ ကိုကျော်နိုင်ဟာ သူ့ကိုလာကြိုတဲ့ မမိုးနှင်းဖြူ၊ လေးနှစ်အရွယ် သမီးဖြစ်သူတို့နဲ့အတူ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတာပါ။

ညဖက်မှာတော့ မမိုးနှင်းဖြူနဲ့ သမီးဖြစ်သူကို သူတို့နေထိုင်တဲ့ရပ်ကွက်ဆီ ရဲတပ်ဖွဲ့ဝင်တချို့ပါဝင်တဲ့ အာဏာပိုင်တွေ က ခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားပြီးတဲ့နောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားတာဖြစ်ပါတယ်။

မိသားစုဝင်တစ်ဦးကတော့ သူတို့လည်း အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲဖြစ်ပြီး၊ ဘယ်မှာဖမ်းဆီးထိန်းသိမ်း ထားတာလဲဆိုတာကို မသိရသေးဘူးလို့ RFA ကို ဒီနေ့ နေ့လယ်မှာ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်က မသိဘူးလို့ ငြင်းဆိုပါတယ်။

"အဲဒါတော့ ကျွန်တော်တို့လည်း မသိဘူးဗျ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မေး ကြည့်မှပဲသိမယ်၊ သူတို့က ဟိုဘက်က စင်္ကာပူနဲ့ဆက်စပ်ပြီး လုပ်တာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလုပ်တာလေ၊ ကျွန်တော်တို့နဲ့ ကတော့ မသိဘူးဗျ၊ အဲဒီစစစ်ကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က case ကိုင်တာရော ဆောင်ရွက်တာရော မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်တာဖြစ်ပါတယ်၊ သူတို့မေးကြည့်ရင်တော့ ပိုသိနိုင် ပါတယ်ဗျ"

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်း ပြောသွားတာပါ။

သူတို့ဟာ သာမန် အရပ်သားတွေဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမဟုတ်ဘူးလို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

"သူတို့ကိုဘာကြောင့် ဘယ်လို ဘယ်သူကခေါ်သွားလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူးဗျ၊ သူတို့ကတော့ ဒါသာမာန်အရပ်သားတွေပါပဲ၊ အဖွဲ့အစည်းတွေနဲ့လည်း ဘာမှပတ်သက်မှုရှိတဲ့ သူတွေမဟုတ်ဘူး၊ ULA ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို လိုက်ပြီးတော့ အဲလိုမျိုး မဆီမဆိုင်ဒုက္ခပေးနေတဲ့ဟာကတော့ ဒါတော်တော်လေး မဖြစ်သင့်တဲ့ကိစ္စပေ့ါဗျာ၊ ဒါမလုပ်သင့်တဲ့ကိစ္စဖြစ်တယ်၊ တစ်ခြားအစိုးရတွေ လက်ထက်မှာ လည်း အဲလိုမျိုးတွေမလုပ်ဘူး၊ ဘယ်နိုင်ငံမှာမှ အဲလိုမျိုးလုပ်တယ်ဆိုတာ သိပ်မရှိဘူးဗျ၊ အခုကတော့ အဲလိုမျိုးမိသားစု ဆွေမျိုးတွေကို လိုက်ဒုက္ခပေးတယ်ဆိုတာကတော့ ဒါအစိုးရတစ်ရပ်ရဲ့လုပ်နည်းလုပ်ဟန် မဟုတ်ဘူးလို့ ကျွန်တော်တို့ကတော့ အဲလိုပဲမြင်တယ်ဗျ"

အခုလို AA ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို လိုက်ပြီးဖမ်းဆီးနေတာဟာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ဖော်ပြနေတာဖြစ်လို့ ဒီကိစ္စတွေဟာ မဖြစ်သင့်ကြောင်း ခိုင်သုခ က ပြောပါတယ်။

"ဒါကတော့ ဗမာအစိုးရရဲ့ ဂုဏ်သိက္ခာပဲဗျ၊ ပြောမယ်ဆိုလို့ရှိရင် သူတို့ရဲ့စိတ်ဓာတ်ရေးရာတွေ ဘယ်လောက်အထိ အောက်တန်းကျ သလဲဆိုတာကို ဖော်ပြနေတာဖြစ်တယ်၊ ဆိုတော့ သူတို့ အောက် တန်းကျသလို ကျွန်တော်တို့ အောက်တန်းမကျပါဘူး၊ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဘက်က ဥပမာမတရားသတ်ဖြတ်လို့ ကျွန်တော်တို့ ဘက်က ပြန်သတ်မယ်ဆိုတာမျိုး ကျွန်တော်တို့ မလုပ်ပါဘူး၊ နောက်ပြီးတော့ သူတို့ဘက်ကဖမ်းဆီးတဲ့အတွက်ကြောင့် ကျွန်တော် တို့ဘက်ကလည်း မိုက်မိုက်ရိုင်းရိုင်းလုပ်မယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ မလုပ်ပါဘူး၊ ဒါသူလုပ်တဲ့သူရဲ့ ဂုဏ်သိက္ခာပဲဗျ"

RFA က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုး တို့ကို ဒီကနေ့ ညနေပိုင်းအထိ တယ်လီဖုန်းနဲ့ ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဇူလိုင် ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော် စင်္ကာပူနိုင်ငံက ပြည်နှင် ဒဏ်ပေးခံရပြီး ရန်ကုန်လေဆိပ်အရောက်မှာ အထိန်းသိမ်းခံလိုက်ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ရခိုင်လူငယ် စုစုပေါင်း ရှစ်ယောက်ကို ဖမ်းဆီးခံရတာဖြစ်ပြီး  အကြမ်းဖက်ဥပဒေနဲ့ အရေးယူခံနေရပါတယ်။ သူတို့လည်း စတင်ထိန်းသိမ်း ခံရတဲ့နေ့တွေမှာ မိသားစုနဲ့ အဆက်အသွယ် မရပေမယ့် အမှု တရားရုံးရောက်သွားပြီးနောက်ပိုင်းမှာ မိသားစုကို အကန့်အသတ်နဲ့ တွေ့ဆုံခွင့် ရနေပါတယ်။

AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခတို့ကို မတ်လကတည်းက မြောက်ဦးမြို့နယ်မှာ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာလည်း ရှိပါတယ်။

တဖက်မှာလည်း AA က မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ယောက်နဲ့ အရပ်သားခရီးသည် ၁၂ ယောက်ကို အောက်တိုဘာ ၁၁ ရက်နေ့က ဖမ်းဆီးထားပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ သွားနေပေမယ့် ဒီလိုအပြန်အလှန် ဖမ်းဆီးနေခြင်းကြောင့် လက်တေ့ွကျတဲ့ ပြဿနာတွေကိုတော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

"ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကြောင်းအချက်တွေ အပေါ် အခြေခံပြီး ဖမ်းလဲဆိုတာ ကျွန်တော်လည်း သေချာမသိတော့ ပြောရခက်တယ်ဗျ၊ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ဆက်ဆွေးနွေးလို့ရမှာပါ၊ ဘာလို့လဲဆိုတော့ ဒီလိုဖမ်းဆီးမှုမျိုးတင် မကဘူး ပြည်တွင်းသဏ္ဍန် တိုက်ပွဲမျိုးတွေလည်း ဖြစ်နေတဲ့အခြေ အနေမျိုးရှိတဲ့အတွက်ကြောင့်မလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ဆက်ဆွေးနွေးလို့ရမှာပါ၊ အဲဒါတွေကတော့ တကယ်တမ်း ဆွေးနွေး ပွဲမှာ ပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင်တော့ ဖြေရှင်းလို့ ရမှာပါ၊ ဆွေးနွေးပွဲမှာ ဖြေရှင်းလို့မရရင်တော့ အဲကိစ္စတွေလည်း ဖြေရှင်းလို့ ရမှာမဟုတ်ပါဘူး"

ရခိုင်ပြည်နယ်မှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေတာ တစ်နှစ်နီးပါးရှိလာပါပြီ။

ဒီလို အချိန်ကြာလာတာနဲ့အမျှ နှစ်ဖက်သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ တရားစွဲဆိုခံရသူတွေ အများအပြား ရှိနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org