AA ခေါင်းဆောင်ရဲ့မိသားစု ကုလစောင့်ရှောက်မှုနဲ့ ဆွစ်ဇာလန်ကို ထွက်ခွာ


2020.02.25

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ သားသမီး နှစ်ယောက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီအစဉ်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခွင့်ရသွားတဲ့အတွက် မနေ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်မှာ ဘန်ကောက်မြို့ ကနေ လေယာဉ်နဲ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒီကိစ္စကို AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက RFA ကို အတည်ပြုပြောဆိုပါတယ်။ အခုလိုဆောင်ရွက်ပေးတဲ့ ထိုင်းအစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ခိုင်သုခက ပြောပါတယ်။

မနှင်းဇာဖြူနဲ့ အသက် ၁၁ နှစ်အရွယ်သမီးဖြစ်သူ မစောပြည့်ရှင်၊ ၁၁ လသားအရွယ် မောင်မြတ်လင်း ဇင် တို့ကို ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ ၄ ရက်နေ့က ချင်းမိုင်မြို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှာ နေထိုင်ခွင့်သက်တမ်းသွားတိုး တဲ့အချိန် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ မနှင်းဇာဖြူဟာ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့လက်ရှိဥက္ကဋ္ဌ ဦးစံကျော်လှရဲ့ သမီးလည်းဖြစ်ပါတယ်။

သူတို့ကို ဖမ်းပေးဖို့ မြန်မာအာဏာပိုင်တွေက ထိုင်းအာဏာပိုင်တွေကို တောင်းဆိုတဲ့အတွက်ကြောင့်လို့ သိရပေမယ့် မြန်မာဘက်ကတော့ သူတို့မသိခဲ့ဘူးလို့ အဲဒီအချိန်က ငြင်းခဲ့ပါတယ်။

ထိုင်းတာဝန်ရှိသူတွေထံက သိရှိရတာကတော့ မနှင်းဇာဖြူ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ဟာ မှန်ကန်မှုမရှိတဲ့အတွက် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အကြောင်း မြန်မာအစိုးရဘက်က ၂၀၁၉ နိုဝင်ဘာလလယ်ပိုင်းက အကြောင်းကြားလာတယ်လို့လည်း သိရပါတယ်။ မနှင်းဇာဖြူဟာ ကလေးငယ်တွေနဲ့ အတူ ထိုင်းနိုင်ငံမှာ နေထိုင်တာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဒီကာလအတွင်းမှာပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ၊ ယောက်ဖနဲ့နှမကို မြန်မာအစိုးရကဖမ်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲထားသလို အခြားမိသားစုဝင်တချို့ကိုလဲ စင်္ကာပူအသင်း ရခိုင်ရဲ့ ရန်ပုံငွေထည့်ဝင်သူအဖြစ် ဝရမ်းထုတ်ထားတဲ့စာရင်းထဲ ထည့်ခံထားရပါတယ်။

ဒီလိုအခြေအနေမှာ မနှင်းဇာဖြူတို့သားအမိဟာ လက်ရှိဖြစ်နေတဲ့ပဋိပက္ခတွေနဲ့ မပတ်သက်ဘဲ၊ မြန်မာနိုင်ငံ ပြန်ပို့ခံရရင် ဖမ်းဆီးထောင်ချခံရနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ပဋိဉာဉ်စာတမ်းပါအတိုင်း စောင့်ရှောက်မှုပေးခဲ့ပြီး၊ သူတို့ကို လက်ခံမယ့် ဆွစ်ဇာလန်နိုင်ငံမှာ ပြန်လည် နေရာချထားရေးအစီအစဉ်အတိုင်းဆောင်ရွက်ပေးခဲ့ပြီး ထိုင်းနိုင်ငံကနေ ထွက်ခွာခွင့်ရသွားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။