ညောင်လေးပင်နဲ့ ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကညင်ကျိုးရွာမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ်။ Facebook/ KNU

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်နက်ကြီးကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရပြီး ခြောက်ဦး ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ KNU က ရေးသားထားပါတယ်။

ညောင်လေးပင်မြို့နယ်၊ ချုံအင်းနဲ့ ကညင်ကျိုးရွာကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၆၄) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ခုနစ်နာရီဝန်းကျင်မှာ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကြောင့် ကညင်ကျိုးရွာက အသက် ၄၂ နှစ်အရွယ် မယုမော် သေဆုံးခဲ့ရတယ်လို့ KNU က ဖော်ပြပါတယ်။

အဲဒီမှာပဲ အသက် ၄၅ နှစ်အရွယ် မရွှေလှဝန်၊ အသက် ၄၁ နှစ်အရွယ် ကိုမောင်စန်းအောင်၊ အသက် ၁၄ နှစ်အရွယ် ကလားလေး၊ အသက် ၁၃ နှစ်အရွယ် မိမာနဲ့ အသက် ရှစ်နှစ်အရွယ် ယွန်းယွန်းတို့ ထိခိုက်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်မှာပဲ စစ်ကောင်စီရဲ့ ခလရ (၂၆၄) က ကျောက်ကြီးမြို့နယ်ထဲကို လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ကျောက်ကြီးမြို့နယ် ခင်ကန့်လန့်ရွာက အသက် ၈၅ နှစ်အရွယ် မယဉ်ဒွေး သေဆုံးခဲ့ရတယ်လို့ KNU က ဖော်ပြပါတယ်။

ခင်ကန့်လန့်ရွာက အသက် ၄၄ နှစ်အရွယ် မကြူကြူဟာလည်း လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။‌

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ၊ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ သတင်းအမှားတွေသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့ဘက်က တိုက်ခိုက်တာမဟုတ်ပါဘူး။ သူတို့ဘက်က ရွာထဲမှာ ဝင်ပြီးတော့ လူနေအိမ်တွေကို အကာအကွယ်ယူပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတာ။ PDF ကတော့ သိတဲ့အတိုင်း တပ်ဝင်လာရင်တော့ ဒီကောင်တွေ ပြည်သူပဲ။ တပ်လည်း နည်းနည်းလေး အလှမ်းဝေးသွားရင် PDF ပဲ”

အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၃ ခုနှစ် နှစ်ကုန်အထိ KNU နယ်မြေတွေမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ခုနစ်သိန်းခွဲကျော်ရှိနေတယ်လို့ KNU ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org