ကျောက်ကြီးနဲ့ မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သား သုံးဦးသေဆုံး

RFA Burmese
2025.03.08
ကျောက်ကြီးနဲ့ မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သား သုံးဦးသေဆုံး လေကြောင်းတိုက်ခိုက်ရာတွင် တွေ့ရသည့် လက်နက်ကြီးကျည်စတချို့အား ၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့က KNU မှ ထုတ်ပြန်ထားစဥ်။
Karen National Union Photo

ကရင်ပြည်နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ပဲခူးတိုင်း၊ မုန်းမြို့နယ်တို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူဗဟိုက မတ် ၈ ရက်နေ့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မတ် ၅ ရက်နေ့ ညနေပိုင်းက ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မတ် ၆ ရက်နေ့မှာလည်း မုန်းမြို့နယ်အတွင်းက ကျောက်ကြီးပေါက်ကျေးရွာနဲ့ မကျည်းတောကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးပေါက်ကျေးရွာက အသက် ၆၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မကျည်းတောကျေးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်ကြီးမြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ နေ့စဥ်နဲ့အမျှ လေကြောင်းရန်ကို သတိထားနေရတယ်လို့ ဆိုပါတယ်။

“စိတ်က လုံးဝကို အလွတ်ရနေတာ။ အင်ဂျင်သံလို ထူးထူးဆန်းဆန်း အသံလိုကြားတာနဲ့ နီးစပ်ရာကို ပုန်းနေရတာ။ အရှေ့မှာ လေကြောင်းကြောင့် ဆုံးသွားတဲ့သူ အများစုကလည်း လေယာဥ်လာတာကို ဘာအသံလဲဆိုပြီး သေချာနားထောင်တာနဲ့ ထိမိပြီး ဆုံးကုန်တာ၊ အဲဒါကြောင့် တစ်ခုခုဆိုတာနဲ့ ပြေးပြီးပုန်းတဲ့အကျင့်က ဖြစ်နေပြီ”

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းက နေအိမ် ဆယ်လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်နဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ် ၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား အယောက် ခြောက်ထောင်ကျော် (၆၃၈၉ ဦး) သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။