ထီးလင်းမှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ
2024.01.23
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ တောရောင်းရွာနဲ့ ထလင်းရွာအကြား စစ်ဘေးဒုက္ခသည်တွေ နေတဲ့နေရာကို ဇန်နဝါရီ ၂၁ ရက် ညနေ ၇ နာရီဝန်းကျင်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုက္ခသည်နှစ်ဦး သေဆုံးကာ နောက်ထပ် နှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၇၈ နှစ်အရွယ် ဦးရာဆင့်နဲ့ သားဖြစ်သူ အသက် ၅၀ နှစ်အရွယ် ဦးဆန်းကျော် ဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ် ဒေါ်မြင့်မြင့်ရီနဲ့ ရှစ်တန်းကျောင်းသူ တစ်ဦးတို့ကတော့ ဒဏ်ရာတွေရရှိခဲ့တာပါ။
စစ်ကောင်စီတပ်က ထီးလင်းမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင် ဆရာကျော်က ပြောပါတယ်။
"ထီးလင်းမြို့ပေါ်ကနေ ရမ်းသန်းပစ်ခတ်လို့ တဲပေါ် လက်နက်ကြီးကျတာပေါ့။ လက်နက်ကြီးက တဲပေါ်ကို ကွက်တိကျတာဖြစ်တဲ့အတွက် သားအဖနှစ်ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးတယ်။ ကျန်တဲ့ နှစ်ယောက်က ဒဏ်ရာရတယ်ဗျ"
စစ်ကောင်စီတပ်က မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် မြို့အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ တောရောင်းရွာ၊ ထန်းပင်ကုန်းရွာနဲ့ ဝါးရင်းချိုင် စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးဝင်းရဲထွန်းကလည်း လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို သူမသိဘူးလို့ ပြောဆိုထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီး ကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။