အာဆီယံဟာ မြန်မာ့အရေးတစ်ခုတည်း အာရုံမစိုက်သင့်ကြောင်း ကမ္ဘောဒီးယားဝေဖန်

2022.01.18
အာဆီယံဟာ မြန်မာ့အရေးတစ်ခုတည်း အာရုံမစိုက်သင့်ကြောင်း ကမ္ဘောဒီးယားဝေဖန် အာဆီယံကမ္ဘာလှည့်ခရီးသွား ဖိုရမ်ကို တက်ရောက်လာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Samdech Hun Sen, Cambodian Prime Minister/Facebook

အာဆီယံဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံအရေးအပြင် အခြားစိန်ခေါ်မှု အမျိုးမျိုးကိုလည်း ကြုံတွေ့ရမှာ ဖြစ်လို့ မြန်မာကိစ္စတစ်ခုတည်းရဲ့ ဓားစာခံ မဖြစ်သင့်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မနေ့က ပြုလုပ်တဲ့ အာဆီယံကမ္ဘာလှည့်ခရီးသွား ဖိုရမ်မှာ ပြောလိုက်တဲ့အကြောင်း Fresh News Asia ကမ္ဘောဒီးယားသတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်တာကာလအတွင်းမှာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေဟာ အာဆီယံရဲ့အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စကိုပဲ အာရုံစိုက်ပြီး ဝေဖန်ပြောဆိုနေကြတာ တွေ့ရတဲ့အကြောင်း၊ အာဆီယံဒေသတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကနေ ပြန်လည်နာလန်ထူဖို့ ကိစ္စအပါအဝင် အခြားအရေးကြီးကိစ္စတွေ လုပ်ဆောင်စရာ ရှိသေးတဲ့အတွက် အာဆီယံဟာ မြန်မာနိုင်ငံအကျပ်အတည်းရဲ့ ဓားစာခံ မဖြစ်သင့်ဘူးလို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောခဲ့ပါတယ်။

မြန်မာ့အကျပ်အတည်းဟာ ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ကာလအတွင်း ပြေလည်သွားနိုင်မှာမဟုတ်ဘဲ ရှေ့လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့်နိုင်ငံတွေအပေါ်မှာလည်း တာဝန်ရှိလာမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီလ်မြို့မှာ ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၂ရက်နေ့အထိ ကျင်းပနေတဲ့ အာဆီယံကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖိုရမ်မှာ စစ်ကောင်စီက ခန့်အပ်တဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင် တက်ရောက်နေပြီး၊ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီးနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အတွေ့အကြုံကို အတုယူပြီး လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံပိုင် AKP သတင်းဌာနမှာ မနေ့က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။