ဒုက္ခသည်ပြန်ပို့ရေး ရပ်တန့်သွားတဲ့ကိစ္စ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မြန်မာနဲ့အတူရပ်တည်
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စ ရပ်တန့်သွားတာနဲ့ ပတ်သက်ပြီး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက စိုးရိမ်ကြပေမယ့် မြန်မာနဲ့အတူ ရပ်တည်နေကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နေးရှင်းသတင်းက ဖော်ပြပါတယ်။
-
2018-11-16 -
-
-
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စ ရပ်တန့်သွားတာနဲ့ ပတ်သက်ပြီး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက စိုးရိမ်ကြပေမယ့် မြန်မာနဲ့အတူ ရပ်တည်နေကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နေးရှင်းသတင်းက ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌ စင်္ကာပူဝန်ကြီးချုပ်လီရှန်လုံးက - ဒုက္ခသည်ပြဿနာမှာ မြန်မာအနေနဲ့ တခြားနိုင်ငံတွေရဲ့ စိုးရိမ်မှုကို နားလည်လိမ့်မယ်လို့ ယူဆကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှုပ်ထွေးလှတဲ့ ဒီပြဿနာမှာ ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ပြဿနာမှာ အာဆီယံအဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ အရေးပါနေပြီး စိုးရိမ်ကြောင့်ကြမှုတွေလည်းရှိနေကြတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားအမြင်နဲ့ ပတ်သက်ပြီး မလေးရှား ဘာနမား သတင်းကမေးမြန်းရာမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ဖို့ သူတို့အနေနဲ့ တွန့် ဆုတ်နေကြပြီး ပိုပြီးကောင်းမွန်အောင်ဆောင်ရွက်ဖို့ကိုပဲ အလေးပေးပြောနေကြတာပါလို့ ဆိုပါတယ်။
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအပေါ် အလေးအနက်ရှိပါသလားလို့ မေးမြန်းရာမှာတော့ - မြန်မာနိုင်ငံရဲ့ အာဏာခွဲဝေထားပုံကို နားလည်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရခေါင်းဆောင် မဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သာဖြစ်ပါတယ်။ အစိုးရရဲ့ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိ မရှိ ဆိုတာကတော့ သူ့ရဲ့ အတွေးမြင်သဘောထားတွေ အစိုးရအပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်လို့ မဟာသီယာက ပြောခဲ့ပါတယ်။