အပြောင်းအလဲခိုင်မာရေး အားလုံးအမြော်အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်

မြန်မာနိုင်ငံမှာ ခိုင်မာတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ဆိုရင် သမ္မတ ဦးသိန်းစိန်အစိုးရ စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်တွင်း အင်အားစု အားလုံး အမြော်အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်လို့ မနေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာကျင်းပတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု အခမ်းအနားမိန့်ခွန်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရက ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးကို ခိုင်မာအောင်လုပ်ဖို့ဆိုရင် ပြည်တွင်းအင်အားစုတွေဖြစ်တဲ့ စစ်တပ်၊ တိုင်းရင်းသား လူမျိုးစုတွေ၊ နိုင်ငံရေး ပါတီတွေ၊ သတင်းမီဒီယာတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ စီးပွားရေးသမားတွေနဲ့ အဓိကကျတဲ့ ပြည်သူအားလုံးက ဉာဏ်အမြော်အမြင် ကြီးကြီးနဲ့ ပါးပါးနပ်နပ် ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မိမိနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဘယ်အခန်းကဏ္ဍကမဆို ပါဝင်ဆောင်ရွက်ဖို့ အသင့်ဖြစ်နေကြောင်း၊ ဆောင်ရွက်လိုစိတ်လည်း အပြည့်ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဓိကဖြေရှင်းဖို့ လိုအပ်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး၊ ဒုက္ခသည်အရေးနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့အရေး စတာတွေကိုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဓိက ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org