နိုင်ငံရေးတွေ့ဆုံပွဲကတဆင့် အခြေခံဥပဒေပြင်နိုင်မယ်လို့ သမ္မတဦးသိန်းစိန် ပြောကြား
2015.07.09

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကတဆင့် ပြင်ဆင်နိုင်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။
ဇူလိုင်လအတွက် ဒီနေ့ထုတ်လွှင့်တဲ့ နိုင်ငံတော်သမ္မတရဲ့ ရေဒီယိုမိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောခဲ့တာ ဖြစ် ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရလို့ရှိရင် ဖွဲ့စည်းပုံတရပ်ဟာ ခေတ်ကာလနဲ့ အညီ နိုင်ငံရေးဖြစ်ထွန်းမှုများနဲ့အညီ အချိန်အခါအလိုက် ပြင်ဆင်ရေးသားသွားရမှာဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးဖြစ် စဉ်ကို အခြေခံဆောင်ရွက်ရာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေ ပါဝင်လာမှာဖြစ်ပါတယ်၊ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ စတင်ကြိုးပမ်းခြင်းတွေက သာလျင် ကျနော်တို့နိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံရေးအရွေ့တစ်ခုလို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်"
ဒါ့အပြင် အရပ်သားအစိုးရက ပထမဆုံးကျင်းပပေးမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို သန့်ရှင်းပြီးတရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်က ကတိပြုပြောခဲ့ပါတယ်။
တဆက်တည်း၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ ပါတယ်။၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။