ဒီပဲယင်းမြို့နယ် ရဲစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ရဲစခန်းကို မတ်လ ၁ ရက် မနေ့ညက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို အတည်ပြုပြောဆိုပါတယ်။
မတ်လ ၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
"အဓိကကတော့ ရှော့တိုက်ဒုံးအဝေးပစ်နဲ့ ပစ်တာပါ။ ရဲစခန်းဘက်က ပြန်ပစ်တာမျိုး ရှိပါတယ်။ ရမ်းပစ်နေတာပါ။ အခြေအနေ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ သူတို့တွေ သုသာန်မှာ ဒီနေ့ ဝင်နေတယ်လို့ ကြားပါတယ်"
ဒီတိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ်ထဲက ကောင်းကင်၊ စွယ်တော်၊ ဇာမဏီ၊ ပျံလွှားမောင် စတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်း သူက ပြောပြပါတယ်။
ကောင်းကင် PDF အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ မတ်လ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ထားသလို အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီပဲယင်းမြို့နယ် ရဲစခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ RFA က ကြိုးစားနေပါတယ်။
ဒီနေ့မနက်မှာတော့ ဒီပဲယင်းမြို့ပေါ်က အိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ဒီပဲယင်းမြို့နယ် ညောင်လှ၊ ယဉ်ကျေးနဲ့ နများရွာတွေကို စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်သုံးစင်းနဲ့ ပစ်ခတ်ခဲ့လို့ အနီးအနားရွာတွေ အပါအဝင် ရွာပေါင်း ၁၄ ရွာက ဒေသခံ ၁၀၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။