ပေါက်မြို့နယ် ရေကျော်ရွာနဲ့ အနီးတစ်ဝိုက်ကို စစ်တပ်က အင်အားသုံး တိုက်ခိုက်

မကွေးတိုင်း ပေါက်မြို့နယ်က အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ရေကျော်ကျေးရွာနဲ့ အနီးတစ်ဝိုက်ကို ဧပြီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ရော မြေပြင်ကပါ စီးနင်းတိုက်ခိုက်ခဲ့သလို နေအိမ်တွေလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ရွာထဲက အဘိုးအိုတစ်ဦးပါ သေဆုံးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေကျော်ကျေးရွာသား တစ်ဦးက ပြောပါတယ်။
"ရေကျော်ကျေးရွာကို စစ်ကောင်စီက အပေါ်ကနေ ရဟတ်ယာဉ်နဲ့ ရမ်းသမ်းပစ်သွားတာ ဗျ။ တစ်ရွာလုံး ပြာကျလောက်တဲ့နီးပါး ဖြစ်သွားတယ်။ နောက် အဘိုးအိုတစ်ယောက် အသက်ဆုံးရှုံးသွားတယ်"
အဲဒီဖြစ်စဉ်ကြောင့် ဒီနေ့အထိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်း ၅ နာရီကျော်လောက်က ရေကျော်ကျေးရွာနဲ့ ရှားပင်ရေရွာ အနီးကနေ ဖြတ်လာတဲ့ စစ်ကောင်စီကားတစ်စီးကို ပေါက် PDF နဲ့ ဒေသအခြေစိုက် PDF တပ်ဖွဲ့တွေ က တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံးပွင့်အရာရှိတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးပြီး အဲဒီကားနဲ့အတူ သရက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၂) ကနေ သယ်လာတဲ့ စစ်လက်နက်ကုန်ကြမ်းပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ တယ်လို့ PDF အဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရွာတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ PDF ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။
"သူတို့ကတော့ မနိုင်ရင် ရဟတ်ယာဉ်ပဲ သုံးတာကိုး။ မြေပြင်ချင်း၊ လက်နက်ချင်း သူတို့သာနေတာပဲလေ။ လူအင်အားတွေ၊ လက်နက်အင်အားတွေ သာနေပေမယ့် သူတို့လူတွေ စိတ်ဓာတ်မကျအောင် မနိုင်နိုင်အောင် လုပ်တော့တာပဲ။ အင်အားချင်း၊ လက်နက်ချင်း မမျှမှန်းသိရက်သားနဲ့ မြေပြင်ချင်း မတိုက်တော့ဘဲနဲ့ ရဟတ်ယာဉ် ဝဲဝဲပြီး ဆော်တော့တာပဲ။ သာလွန်အင်အားကြီးတွေ သုံးပြီး တူမီးကို လေယာဉ်နဲ့ တိုက်တာ သူတို့ လုပ်နေကျအလုပ်တွေ၊ ရွာတွေမီးရှို့တာ အဲလိုကြီးတွေ လုပ်နေ တော့တာလေ"
ဒီတိုက်ခိုက်မှုကြောင့် ရေကျော်ရွာနဲ့ အနီးအနားရွာတွေဖြစ်တဲ့ ကျွန်းကြီး၊ ကျောက်ကုန်း၊ ကျွန်းပင်၊ နံ့သာ၊ ထန်းတောဦး၊ တုတ်စု၊ အင်းတော၊ ဝက်မှီး၊ ရွာသာအေး၊ ညောင်ဝန်းတောင်စုနဲ့ ညောင်ဝန်းမြောက်စု စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ ၃၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ဧပြီလ ၆ ရက်နေ့ညလောက်ကစပြီး အင်အား ၃၀၀ ကျော်ခန့်နဲ့ အဲဒီကျေးရွာ အနီးတစ်ဝိုက်မှာ PDF အဖွဲ့တွေကို စီးနင်းရှာဖွေနေသလို ကျေးရွာတွေထဲကို မွှေနှောက်ရှာဖွေတာတွေ လုပ်နေတယ်လို့လည်း ပြောကြပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် က သတင်းထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ PDF အဖွဲ့တွေက သာ လုပ်ဆောင်လေ့ရှိတယ်လို့ ယခင်က တုံ့ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်၊ ၃ ရက်၊ ၅ ရက်နေ့တွေကလည်း ပေါက်မြို့နယ်က လယ်ယာ၊ လက်ပံလှ၊ အင်းငယ်ဒေါင့် ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီးနောက် လူနေအိမ် ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။