မြန်မာကို ပိတ်ဆို့အရေးယူဖို့ သြစတြေးလျ စဉ်းစားနေ
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်ထားဒဏ်ခတ်ဖို့ သြစတြေးလျနိုင်ငံက စဉ်းစားနေပါတယ်။
-
2018-09-19 -
-
-
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ဖို့ သြစတြေးလျနိုင်ငံက စဉ်းစားနေပါတယ်။
လူနည်းစုတွေအပေါ် ကျုးလွန်တဲ့ရာဇဝတ်မှုတွေကို ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့က မှတ်တမ်းတင် အစီရင်ခံခဲ့ပြီး သြစတြေးလျက အရေးယူဖို့ပြင်ဆင်နေတာပါ။
“အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ တစ်ခုလုံးဟာ၊ နိုင်ငံတကာဥပဒေတွေအရ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတာကို ပြသနေတဲ့ အထောက် အထားတွေကို အားဖြည့်ပေးထားပါတယ်” လို့လည်း နိုင်ငံခြားရေးဝန်ကြီး မရိုက်စ် ပိန်း (Marise Payne) က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
“အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာအရ တုံ့ပြန်ဆောင်ရွက်ဖို့ ပစ်မှတ်ထားဒဏ်ခတ်မှုတွေ အပါအဝင် နည်းလမ်းတွေကို သြစတြေးလျက စဉ်းစားနေတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။
အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသလို၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ရာရောက်နိုင်တဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေး အရေးယူနိုင်မယ့် အထောက်အထားတွေကိုလည်း ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံမှာ တရားမျှတမှု ရရှိရေး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ ကို အားပေးသွားမှာဖြစ်ကြောင်းလည်း အထက်လွှတ်တော် အမတ်လည်းဖြစ်တဲ့ ပိန်း (Payne) က ပြောဆိုခဲ့ပါတယ်။
“ဒေသတွင်းက မိတ်ဆွေနိုင်ငံတစ်နိုင်ငံအဖြစ်၊ မြန်မာလူထုအားလုံး အကျိုးအတွက် ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်အောင် ကြိုးပမ်းမှုတွေကို ဆက်လက်ပံ့ပိုးသွားမှာ ဖြစ်ပါတယ်” လို့လည်း ပြောဆိုခဲ့တာပါ။
သြစတြေးလျနိုင်ငံက မြန်မာအပေါ် လက်နက်တင်ပို့မှု တားမြစ်ထားပေမယ့် လူသားချင်းစာနာမှု အကူအညီ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနဲ့ အင်္ဂလိပ်ဘာသာ သင်ကြားပို့ချမှုတွေလို အစီအစဉ်တွေနဲ့ မြန်မာစစ်တပ်ကို ပံ့ပိုးနေတဲ့အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေကြတာပါ။ သြစတြေးလျနိုင်ငံကတော့ ရခိုင်ပြည်နယ်မှာ အရေးပေါ်အကူအညီအဖြစ်နဲ့ရော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ အစားအစာ၊ ရေ၊ ခိုလှုံစရာနဲ့ ကျန်းမာရေးအတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာသန်းပေါင်း ၇၀ ပေးအပ်ထားတာဖြစ်ပါတယ်။