Mytel ကုမ္ပဏီကို အမေရိကန် ဒဏ်ခတ်အရေးယူ
2025.01.08

မြန်မာနိုင်ငံက ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Mytel ကုမ္ပဏီ အပါအဝင် ကုမ္ပဏီလုပ်ငန်း ၁၃ ခုကို ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက Mytel ကုမ္ပဏီ၊ တရုတ်နိုင်ငံက ကုမ္ပဏီ ၁၁ ခုနဲ့ ပါကစ္စတန်နိုင်ငံက ကုမ္ပဏီတစ်ခုတို့ ပါဝင်ပါတယ်။
Mytel ကုမ္ပဏီဟာ အထူးသဖြင့် မြန်မာစစ်တပ်ကို ဘဏ္ဍာရေးပံ့ပိုးမှုနဲ့ စုံစမ်းထောက်လှမ်းရေး အထောက်အကူပေးနေတာကြောင့် ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တာလို့ ဆိုပါတယ်။
Mytel ရဲ့ အကူအညီနဲ့ စစ်ကောင်စီဟာ လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ထောက်လှမ်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ကိုင်နိုင်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ RFA က Mytel ကုမ္ပဏီကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာရောက်နေတယ်လို့ Justice For Myanmar အဖွဲ့က ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
Mytel ကုမ္ပဏီရဲ့ အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းကိုပဲ မြန်မာပုဂ္ဂလိက ကုမ္ပဏီတွေက ပိုင်ဆိုင်ပြီး၊ ကျန်တဲ့ အစုရှယ်ယာ အများစုဖြစ်တဲ့ ၂၈ ရာခိုင်နှုန်းကို မြန်မာစစ်တပ်ရဲ့ လျှို့ဝှက်စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ “မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)” ရဲ့ လက်အောက်ခံ Star High ကုမ္ပဏီလီမိတက်ကတစ်ဆင့် စီမံခန့်ခွဲနေတယ်လို့လည်း ဆိုပါတယ်။