မြန်မာစစ်တပ်အကြီးအကဲငါးဦးကို သြစတြေးလျအစိုးရက ပစ်မှတ်ထားအရေးယူကြောင်းကြေညာ
ရခိုင်အရေးမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ရက်စက်ကြုမ်းကြတ်တဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး မြန်မာစစ်တပ်အကြီးအကဲ ငါးဦးကို သြစတြေးလျအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
-
2018-10-23 -
-
-
ရခိုင်အရေးမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ရက်စက်ကြုမ်းကြတ်တဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး မြန်မာစစ်တပ်အကြီးအကဲ ၅ ဦးကို သြစတြေးလျအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
ဒီ ၅ ဦးဟာ ရခိုင်ပြည်နယ်မှာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကြီးကြပ်ပါဝင်ခဲ့တာကို စွပ်စွဲခံရတဲ့ တပ်မတော်အရာရှိကြီး ၅ ဦးဖြစ်ပါတယ်။
ပိတ်ဆို့အရေးယူခံရသူတွေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင် နဲ့ ဗိုလ်ချုပ် ခင်မောင်စိုး တို့ ဖြစ်တယ်လို့ AFP မှာ ဖော်ပြထားပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne မရိုက်စ်ပိန်း က သူတို့ငါးဦးဟာ သူတို့ရဲ့ ညွှန်ကြားမှုအောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် တာဝန်ရှိသူတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေ များစွာရှိခဲ့ပြီး မုဒိမ်းမှုတွေနဲ့ ကျေးရွာတွေကို မီးရှို့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာမွတ်စလင် ၇သိန်း လောက်ကို ၂၀၁၆ ခုနှစ်ကတည်းက ထွက်ပြေးအောင် တပ်မတော်က မောင်းထုတ်ခဲ့တယ်လို့ AFP မှာ ဖော်ပြထားပါတယ်။
သူတို့ ငါးဦးကို သြစတြေးလျနိုင်ငံကို ခရီးသွားခွင့် ပိတ်လိုက်သလို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပြည်ပမှာရှိတဲ့ ဘဏ်စာရင်းတွေကိုလည်း ထိန်းချုပ်လိုက်တယ်လို့ သြစတြေးလျအစိုးရ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်ကနေ ဇွန်လ ၂၅ ရက်ကတည်းက ထုတ်ပယ်ထားပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ကိုတော့ ကျန်းမာရေးအရ မေလ ၂၂ ရက်ကတည်းက နှုတ်ထွက်ခွင့်ပြုထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။