ဧရာဝတီတိုင်းက နိုင်ခြေရှိတဲ့နေရာတွေမှာ USDP ရွေးကောက်ပွဲကန့်ကွက်လွှာ တင်မည်
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တချို့ကို ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ကန့်ကွက်လွှာတွေ တင်သွားမယ်လို့ ဒီနေ့ပြောပါတယ်။
-
စိုးသိမ်း
2020-11-25 -
-
-
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တချို့ကို ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ကန့်ကွက်လွှာတွေ တင်သွားမယ်လို့ ဒီနေ့ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို နိုင်လောက်မယ့် အခြေအနေ များတဲ့နေရာတွေမှာ တင်သွားမှာလို့ ဧရာဝတီတိုင်း USDP ပါတီ အတွင်းရေးမှူး ဦးဝင်းကိုကိုက ပုသိမ်မြို့မှာ ဒီနေ့ (နိုဝင်ဘာလ ၂၅ ရက်နေ့) ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ် အသီးသီးက ရှေ့ဆက်ပြီးတော့ လူမှုပတ်ဝန်းကျင်မှာ နေထိုင်ရမယ့် သူတွေ ချည်းပဲလေ။ အဲဒီလူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကိုပါ ရင်းပြီးတော့ ကန့်ကွက်လွှာတင်ရတာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အကောင်းဆုံး တည်ဆောက်ပြီးမှသာ ကန့်ကွက်လွှာတင်သွင်းမှာ ဖြစ်တဲ့အတွက် ဘယ်နေရာတွေမှာ တင်မယ်တို့ ၊ ဘယ်လောက်တို့၊ ပြောမယ်ဆိုရင်တော့ နိုင်လောက်တဲ့ အခြေအနေ မျှော်လင့်ချက်များတဲ့ နေရာတွေမှာ ကန့်ကွက်လွှာတင်သွင်းမှာ သေချာပါတယ်။”
ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ ၄၅ ရက်အတွင်း ဧရာဝတီတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်လွှာတင်မှာဖြစ်ပြီး ဆောင်ရွက်မှုအခြေအနေကို သတင်းမီဒီယာတွေကတစ်ဆင့် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲမှာ ဝင်ပြိုင်တဲ့ USDP ကိုယ်စားလှယ်လောင်း အားလုံးနီးပါးက ပုံစံ (၁၉) ကို လက်မှတ် မထိုးထားဘူးလို့ ဦးဝင်းကိုကိုက ပြောပါတယ်။
အရှုံးကို လက်မခံနိုင်တာကြောင့် လက်မှတ်မထိုးတာမဟုတ်ဘဲ ကန့်ကွက်လွှာတင်ရာမှာ ထိခိုက်မှုမဖြစ်အောင် ပုံစံ (၁၉) မှာ လက်မှတ်မထိုးကြတာလို့ ဦးဝင်းကိုကို က ပြောပါတယ်။
“ဥပဒေအရ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ အခွင့်အရေး ရှိပါတယ်။ ကန့်ကွက်လွှာတင်ရဖို့ပေါ့။ ကန့်ကွက်လွှာတင်တဲ့အခါမှာ ပုံစံ (၁၉) ကို လက်မှတ်ရေးထိုးထားတဲ့အတွက် ကန့်ကွက်လွှာကို ပလပ်လိုက်သည်ဆိုတာမျိုး မဖြစ်လိုတဲ့အတွက် ပုံစံ (၁၉) မှာ သဘောမတူဘူးဆိုတဲ့ ပုံစံမျိုး လက်မှတ်မထိုးခြင်းဘဲ ဖြစ်ပါတယ်။ ရလဒ်ကို ကန့်ကွက်တာ မဟုတ်ပါဘူး။ ဒါက ဥပဒေအရ မိမိဆက်လက် ဆောင်ရွက်ရမယ့်အချက်ကို ထိခိုက်မှာစိုးတဲ့အတွက် လက်မှတ်မထိုးခြင်းဖြစ်တယ်။ အရှုံးကို လက်မခံတာ မဟုတ်ဘူး။”
ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ဧရာဝတီတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားထားတဲ့ အမှုတွေက နှစ်ရာဝန်းကျင် ရှိတယ်လို့ ဦးဝင်းကိုကို က ပြောပါတယ်။
“တစ်တိုင်းလုံး အတိုင်းအတာအရ ရဲစခန်းကို တိုင်ကြားထားတဲ့ အမှုတွေ၊ ကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုတွေက ရာဂဏန်းမက ရှိတယ်။ တိတိကျကျ ကျနော် နောက်ပိုင်းမှာ ပြန်ပြောသွားပါ့မယ်။ ကျနော် ထင်တယ်၊ နှစ်ရာ ပတ်ချာလည်လောက် ရှိမယ်။"
တိုင်ကြားထားတဲ့ အမှုတွေထဲမှာ ၇၀ ရာခိုင်နှုန်းက ကော်မရှင်ကို တိုင်ထားတာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းက ရဲအရေးပိုင်တဲ့ အမှုတွေဖြစ်လို့ ရဲစခန်းကို တိုင်ထားတာလို့ USDP ပါတီက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၉၂ နေရာရှိခဲ့ရာမှာ နေရာအားလုံးကို အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရခဲ့ပြီး USDP က ၂၀၁၅ မှာ အနိုင်ရထားတဲ့နေရာ လေးခုမှာပါ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်လွှာတင်လာပါက အကုန်တာဝန်ယူ ဖြေရှင်းသွားမယ်လို့ ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီမိုးက ပြောပါတယ်။
“အဲဒါ အစ်မတို့ ကြားတယ်လေ။ ကြားတဲ့အခါကျတော့ အစ်မတို့ တိုင်းအောင်နိုင်ရေးက အကုန် တာဝန် ယူပြီးတော့ ဖြေရှင်းသွားမယ်လေ။ တိုင်းအောင်နိုင်ရေးက ကိုယ့်ကိုယ်စားလှယ်တွေကို ယုံကြည်မှုရှိတယ်လေ။ ရှိတဲ့အခါကျတော့ အစ်မတို့ က ပြန်ပြီးတော့ ဖြေရှင်းဖို့တော့ ရှိတာပေါ့။ “
ဧရာဝတီတိုင်းအပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ကရင်ပြည်နယ် စတဲ့ နေရာတွေမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်ကြောင်း ဆန္ဒပြတာတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မသာမှုတွေရှိတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ထားတဲ့ ဖြစ်ရပ်ပေါင်း ၅၅၀ ကျော်ရှိပြီး ရဲစခန်းကို တိုက်ရိုက် တိုင်ထားတဲ့ အမှုက ၈၀ ကျော်တယ်လို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးခင်ရီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြောထားပါတယ်။
NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတကြောင်း နိုင်ငံတကာက ပြောဆိုနေချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ထောက်ခံသူတွေက လက်မခံနိုင်ကြောင်း ပြောနေတာဟာ ကိုယ့်ကိုယ်ကိုယ် ပိတ်မိအောင်လုပ်သလိုဖြစ်နေတယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။