နာရီပိုင်းအတွင်း ငလျင်လေးကြိမ်လှုပ်ပြီး သာသနိကအဆောက်အအုံအချို့ ပျက်စီး

RFA Burmese
2025.03.05
နာရီပိုင်းအတွင်း ငလျင်လေးကြိမ်လှုပ်ပြီး သာသနိကအဆောက်အအုံအချို့ ပျက်စီး ငလျင်ကြောင့် ပျက်စီးသွားသည့် ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ စိမ်းမြကန်သာသတ္တဌာနဘုရားရှိ အပျက်အစီးများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ စိမ်းမြကန်သာစေတီတော်မြတ်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ အနီးတစ်၀ိုက်ကို ဗဟိုပြုပြီး မတ်လ ၅ ရက်နေ့ မနက်စောပိုင်းမှာ ငလျင်လေးကြိမ်အထိ လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနက်အစောပိုင်း ၄ နာရီ ၃၆ မိနစ်မှာ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ခြောက်မိုင်အကွာကို ဗဟိုပြုပြီး အင်အား (ရစ်ခ်တာစကေး) ၅.၁ အင်အားရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့တာပါ။

အဲဒီနောက် နာရီပိုင်းအတွင်းမှာပဲ ရစ်ခ်တာစကေး ၄.၈၊ ၃.၅၊ ၃.၁ ရှိတဲ့ ငလျင်တွေ ထပ်မံ လှုပ်ခဲ့ပါတယ်။

ငလျင်ကြောင့် ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စိမ်းမြကန်သာ စေတီတော် သတ္တဌာနဘုရား မဟာဗောဓိလိုဏ်အတွင်း မှန်တွေကွဲအက်တာ၊ အရှေ့ဘက် မုခ်ဦးစေတီ သုံးဆူ အောက်ဘက်အခြမ်း အက်ကြောင်းတွေ ဖြစ်ပေါ်တာ၊ ၁၀၈ တောင် ဘုရားအရှေ့ဘက်အခြမ်း ပြိုကျတာတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၁၀၈ တောင်ဘုရားက တစ်ဝက်တစ်ပျက်နဲ့ ဆက်မလုပ်ဘဲ ထားတာကြာပါပြီ။ စေတီတည်ထားဖို့ လုပ်နေတဲ့ အပေါ်ဘက်က ပြိုကျသွားတာ။ စိမ်းမြကန်သာ စေတီဘက်မှာလည်း ပျက်စီးမှု တချို့ရှိတယ်။ ခန့်မှန်းပျက်စီးအခြေအနေ တန်ဖိုးတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကလည်း ငလျင်ကြောင့် ထိခိုက်တာတွေ ပြန်ပြင်ရသေးတယ်။ အခုတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပါပြီ"

ငလျင်ကို လူနေထူထပ်တဲ့ ရန်ကုန်တိုင်းမှာလည်း သိသိသာသာ ခံစားခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"ပထမအကြိမ်လှုပ်တုန်းကတော့ တော်တော်ကြမ်းတယ် အိပ်ရာကပါ လန့်နိုးတယ်။ အိမ်ရှေ့ကိုပြေးထွက်ကြည့်တာပေါ့။ နောက် ပြန်အိပ်မလို့လုပ်နေတုန်း ဒုတိယအကြိမ်လှုပ်တာ သိလိုက်တယ်"

မန္တလေးတိုင်း၊ ဧရာ၀တီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ မတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ခြောက်ကြိမ်အထိ ငလျင်လှုပ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာပြီးနောက် ငလျင်နဲ့ ကြုံလာရင် လိုက်နာနေထိုင်ရမဲ့ သတိပေးချက်ကို စစ်ကောင်စီ မိုး/ဇလဌာနက မတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

ဘူမိဗေဒ အထောက်အထားတွေအရ မြန်မာနိုင်ငံဟာ ငလျင်လှုပ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အပျက်အစီးရှိတဲ့ အင်အားပြင်း ငလျင်တွေလည်း လှုပ်ရှားခဲ့ဖူးပါတယ်။

ငလျင်ဖြစ်ပေါ်စေတဲ့ အဓိကပြတ်ရွေ့ကြီးဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့အပြင် ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စတဲ့ ပြတ်ရွေ့တွေအပြင် ပြတ်ရွေ့ငယ်များစွာ တည်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။