မြန်မာသတင်းသမား ၂ ဦးကိစ္စ သံတမန်နည်းအရ ရှင်းမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတင်းသွားယူတဲ့ မြန်မာသတင်းထောက် နှစ်ဦး အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။

ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပပြုလုပ်ခဲ့တဲ့ ၉ ကြိမ်မြောက် Yangon Photo Festival 2017 ဆုပေးပွဲမှာ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရစဉ် Photo: Htet Arkar/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတင်းသွားယူတဲ့ မြန်မာသတင်းထောက် နှစ်ဦး အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ဟာ တရားရုံးကိုရောက်နေပြီဖြစ်တာကြောင့် တစ်ဘက်နိုင်ငံရဲ့ တရားစီရင်ရေး ကို ဝင်ရောက်စွက်ဖက်တာမျိုးတွေကို လုပ်လို့မရဘူးလို့ ဦးမျိုးမြင့်မောင်က ပြောပါတယ်။

"တဘက်နိုင်ငံရဲ့ တည်ဆဲဥပဒေကို ချိုးဖောက်တာရှိလား၊ ချိုးဖောက်တာမရှိဘဲနဲ့ ဘယ်လိုဖြစ်နေတာလဲ ဆိုတာတွေကိုတော့ သိဖို့လိုပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း လိုအပ်သလို မေးမြန်းနေ တာတွေတော့ရှိပါတယ်၊ ဥပမာအားဖြင့် တဆင့်မေးတာတွေ၊ နိုင်ငံခြားရေးကနေ မေးတာမျိုးတွေ ရှိပါတယ်၊ ဒီပေါ်မှာမူတည်ပြီး ဘာကြောင့်ဖြစ်တာလည်းဆိုတာကိုသိပြီး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ တရားရုံးမှာရောက်ပြီဆိုတာနဲ့ ဖြစ်စဉ်နဲ့ တဘက်ကလည်း မနစ်နာအောင် သံတမန်ညှိနှိုင်းတာ မျိုးတွေ မေတ္တာရပ်တာတွေပေါ့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာတော့ ဘယ်နိုင်ငံမှ စွက်ဖက်တာမျိုးကတော့ လုပ်လို့မရပါဘူး"

သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ဂျာမနီနိုင်ငံက GEO သတင်း ဌာနအတွက် ဓာတ်ပုံရိုက်ပေးဖို့သွားရောက်ခဲ့ကြရင်း ပြီးခဲ့တဲ့စက်တင်ဘာလ ၇ ရက်နေ့က ကော့ဘ်ဇက်ဘဇား နယ်ထဲမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဘက်ကို မေးမြန်းထားတယ်လို့ ဦးမျိုးမြင့်မောင်က ပြော ပါတယ်။

သူူတို့နှစ်ဦးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးနိုင်ရေး နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးဖို့ အတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ ပဲန်မြန်မာ၊ MJN တို့လည်း မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ဟာ အလွတ်တန်းဓါတ်ပုံ သတင်းထောက်တွေဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပပြုလုပ်ခဲ့တဲ့ ၉ ကြိမ်မြောက် Yangon Photo Festival 2017 မှာ ကိုခွန်လတ်က The Forgotten War နာမည်နဲ့ ပထမဆုရခဲ့ပြီး ကိုမင်းဇေယျာဦးကတော့ Yangon Photo Festival ပွဲတွေမှာ ဆုတွေရခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org