အကျဥ်းကျခံနေရတဲ့ ဓာတ်ပုံသတင်းထောက်ကို နှိပ်စက်ညှဥ်းပန်းမှု ချက်ချင်းရပ်ဖို့ CPJ တောင်းဆို

RFA Burmese
2025.02.28
အကျဥ်းကျခံနေရတဲ့ ဓာတ်ပုံသတင်းထောက်ကို နှိပ်စက်ညှဥ်းပန်းမှု ချက်ချင်းရပ်ဖို့ CPJ တောင်းဆို အင်းစိန်ထောင်တွင်း တရားရုံးမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ထောင်အနှစ်နှစ်ဆယ် ချမှတ်ခံရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်။
Citizen Photo

မြန်မာစစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်ဆယ် ချမှတ်တာခံထားရတဲ့ Myanmar Now သတင်းဋ္ဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်တွင်းမှာ နှိပ်စက်ညှဉ်းပန်းနေတာတွေ ချက်ချင်းရပ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက် ပါတယ်။

၂၀၂၃ ခုနှစ်က ထောင်ဒဏ်ချမှတ်ခ့ခဲ့ရတဲ့ ကိုစိုင်းဇော်သိုက်နဲ့ နောက်ထပ် အကျဥ်းသားနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး နေ့စဥ် ရိုက်နှက်ညှဉ်းပန်းခံနေရကြောင်း Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းက အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ သုံးယောက်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အင်းစိန်ထောင်ကို လာရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်တွေကို ပြောပြခဲ့တဲ့အတွက် ထောင်ဝန်ထမ်းတွေက နှိပ်စက်ညှဉ်းပန်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ကိုစိုင်းဇော်သိုက်ကို နှိပ်စက်ညှဉ်းပန်းသူတွေကို ဖော်ထုတ်စစ်ဆေး အရေးယူရမှာဖြစ်ကြောင်းနဲ့ သတင်းသမားတွေကို ထောင်သွင်းအကျဥ်းချတာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို ရပ်ပစ်ရမှာဖြစ်တယ်လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းသတင်းထောက် ရှောင် ခရစ္စပင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ထောင်သွင်းအကျဥ်းချမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းသမား ၃၅ ဦးထက်မနည်း ထောင်သွင်းအကျဥ်းချခံထားရတယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။