BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦး ရာထူးက ဖယ်ရှားခံရ
2024.01.25

နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦးကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အပေါ် စည်းရုံးမှုမလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ ကရင်သတင်းဌာန (KIC) က ဖော်ပြပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်နဲ့ မေးမြန်းခန်းမှာ KIC သတင်းဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့က ဖော်ပြခဲ့တာပါ။ RFA က ဗိုလ်ချုပ်စောထွန်းလှိုင်နဲ့ ဆက်သွယ်နိုင်ဖို့ကြိုးစားနေပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီထံကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်ဖို့ တင်ပြထားတဲ့အပေါ် စစ်ကောင်စီဘက်က BGF ထိပ်ပိုင်းအရာရှိတွေနဲ့ ဆက်သွယ်ညှိုနှိုင်းမှုတွေ လုပ်ခဲ့တာပါ။
ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီပြန်ကြာရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ဗိုလ်ချုပ်သက်ပိုင်ဦးတို့က BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ နေထိုင်ရာ လှိုင်းဘွဲ့မြို့နယ် ကြာအင်းရွာကို လာရောက်တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ KIC က ဖော်ပြပါတယ်။
ဇန်နဝါရီလ ၂၃ ရက်မှာတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူးကြီးစောချစ်သူက RFA ကို ပြောထားပါတယ်။
ဗိုလ်ချုပ်သက်ပိုင်ဦးကို ရာထူးကဖယ်ရှားလိုက်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က မေးမြန်းတဲ့အခါ သူ့အနေနဲ့ ဒီသတင်းကို မကြားမိသေးကြောင်း ပြောပါတယ်။
ဗိုလ်ချုပ်သက်ပိုင်ဦးရဲ့ အကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ လတ်တလောမသိရသေးပါဘူး။
လက်ရှိ စစ်ရေးပဋိပက္ခတွေမှာ ဝင်မပါချင်တာကြောင့် BGF က စစ်တပ်ထံက လစာမယူဘဲ သီးခြားရပ်တည်နိုင်ဖို့ ကြိုးစားလာတဲ့ပေါ် စစ်ကောင်စီဘက်ကလည်း ဒီတပ်တွေကို လက်မလွှတ်ရရေး ညှိုနှိုင်းနေတာပါ။
ကရင်နယ်ခြားစောင့်တပ် BGF မှာ တပ်နယ် လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိပြီး တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင် ၅၅၆ ဦးနဲ့ တင်းပြည့်ကျပ်ပြည့် အင်အားရှိတယ်လို့ BGF နဲ့နီးစပ်သူတွေက ပြောပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက လစာနဲ့ စားနပ်ရက္ခာ လစဉ်ပေးထားတာပါ။ အခြေစိုက်တပ်နယ်တွေအဖြစ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ အခြေစိုက်ထားပါတယ်။