ဗန်းမော် NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရ
2024.01.24

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နောင်ခိုရပ်ကွက်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းရဲ့ နေအိမ်ဟာ ဇန်နဝါရီလ ၂၄ ရက်မနက် ၁ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဦးဇော်သင်းက ပြောပါတယ်။
အမည်မသိ လူခြောက်ယောက်က နေအိမ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာလို့ ဦးဇော်သင်းက ပြောပါတယ်။
“ကျွန်နော့် အိမ်ဘေးပတ်ဝန်းကျင်က လူတွေဆီက သတင်းရတာက ဒီနေ့မနက် ၁ နာရီလောက် လာရှို့သွားတာပေါ့။ ဘေးပတ်ပတ်လည် ဓာတ်ဆီလောင်းပြီး ရှို့သွားတာ။ မတ်စ် (mask) တပ်ထားတဲ့ လူခြောက်ယောက် လာရှို့ပြီး ထွက်ပြေးတယ်လို့ ပြောတယ်။ ကျွန်နော့်အိမ်က နှစ်ထပ်ထရံအိမ် ဟုတ်တယ်၊ ဘေးမှာလည်း အဆောင်တွေပါသေးတယ်၊ အခု အကုန်ပါသွားပြီ။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေလည်း အကုန်ပါသွားပြီ”
ဦးဇော်သင်းက ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ ဗန်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဦးဇော်သင်းဟာ ဗန်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ၂၀၂၂ မေလ ၂၄ ရက် ဦးဇော်သင်းရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့တာပါ။
NLD ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦး အပါအဝင် ပါတီ ၄၀၇ ဦးရဲ့ နေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပါတယ်။