မွန်းတည့်နေဂျာနယ်က သတင်းထောက်တစ်ဦးကိုပါ ထပ်မံဖမ်းဆီး
အပတ်စဉ်ထုတ် " မွန်းတည့်နေ"ဂျာနယ် က အယ်ဒီတာ ၃ ဦးအပြင် သတင်းထောက် ကိုမင်းဝဿန် ကိုလည်း ရဲသတင်းအထူးတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
-
2014-07-09 -
-
-
အပတ်စဉ်ထုတ် "မွန်းတည့်နေ"ဂျာနယ်က အယ်ဒီတာ ၃ ဦးအပြင် သတင်းထောက် ကိုမင်းဝဿန် ကိုလည်း ရဲသတင်းအထူးတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မွန်းတည့်နေဂျာနယ် သတင်းထောက် ကိုမင်းဝဿန်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးဂျာနယ်ရဲ့ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က အခုလိုပြောပါတယ်။
"မနေ့ကညက ည ၉ နာရီကတော့ မင်းဝဿန်ကိုတော့ ဖမ်းသွားပြီဗျ၊ ၄ ယောက်ဖြစ်သွားပြီခင်ဗျ အခုဆိုရင်တော့ ကုန်နေပါပြီး ဘာမှမရှိတော့ဘူး လူလည်းမရှိတော့ပါဘူးရုံးမှာလည်း သူ့မိသားစုက ကျနော့်ကို ခေါ်သွားတယ်တယ်လို့ အဲ့လိုပဲ ဖုန်းဆက်တယ်"
မနေ့ညက ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုမင်းဝဿန်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုတဲ့ သတင်းကို ရေးသားခဲ့သူဖြစ်ပါတယ်။
အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး ဇူလိုင်လ ၈ရက်နေ့ အာရုဏ်တက်ချိန်မှာ မွန်းတည့်နေ ဂျာနယ်က အယ်ဒီတာ ၃ ဦးကို ရဲသတင်းအထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က မွန်းတည့်နေဂျာနယ် ထုတ်ဝေပြီးချိန်မှ M.D.C.F အဖွဲ့က ပြည်ထောင်စုအစိုးရကို အယုံ အကြည်မရှိကြောင်းဆန္ဒပြပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီသတင်းဟာ ဖတ်ရှုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနဲ့ အများပြည်သူအကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဇူလိုင်လ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။
လောလောဆယ်မှာ ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေတွေကို ဂျာနယ်တိုက်တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေဆီကို သက်ဆိုင်ရာက အကြောင်းကြားခြင်းမရှိသေးဘူးလို့ ကိုသိန်းမင်းအောင်က ပြောပါတယ်။